Sunday, January 25, 2015

အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး

ကျော်စိုးမိုး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လမ်းဘေး၌ ကစားနေသည့် အသက် တစ်နှစ်ကျော်အရွယ်ရှိ ကလေးငယ်တစ်ဦး ကားတိုက်ခံရသဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်န၀ါရီ ၁၇ ရက်၊ ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ စိန်ပန်းလမ်းအတိုင်း စီ ဘလောက်အိမ်ရာအတွင်းသို့ အဆိုပါမြို့နယ် (၉၃) ရပ်ကွက် အတွင်း နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် ကိုမြကိုလေး မောင်းနှင်လာသည့် SKAT အမျိုးအစားအနီရောင်အငှားယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ကစားနေသည့် အသက်တစ်နှစ်နှင့် နှစ်လအရွယ် မောင်စည်သူဖြိုးကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ယာဉ်တိုက်ခံရသဖြင့် မောင်စည်သူဖြိုးတွင် ဝမ်းဗိုက်စုတ်ပြဲ၊ ခြေသလုံးပွန်းပဲ့နှင့် တံတောင်ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ကိုမြကိုလေးအား ဒဂုံဆိပ်ကမ်းမြို့ မရဲစခန်းက ယာဉ် (ပ) ၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: