စည်သူမောင်မောင်
ပုသိမ်မြို့၊ ချောင်းသာကျေးရွာအုပ်စုရှိ သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် နှင့် တောင်သူများ အကြား အငြင်းပွားနေသည့် မြေပေါ်တွင် ဆောက်လုပ်နေသော ဒေါက်တာနေဇင်လတ်ပိုင် AMBO အိမ်ရာ စီမံကိန်းရှေ့မှ ရေမြောင်းနံရံပြိုကျပြီး လုပ်ကိုင်နေသူ ခြောက်ဦး ဒဏ်ရာရရှိ၍ ပုသိမ်မြို့၊ တိုင်းဆေးရုံသို့ ဇန်နဝါရီလ ၁ရက်က တင်ပို့လိုက်ရသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ချောင်းသာကျေးရွာနေ ဒေါ်အေးအေးအောင်က “အခု နံရံပြိုကျတဲ့နေရာက အငြင်းပွားနေတဲ့ မြေနေရာကို အုပ်ချုပ်ရေးပိုင်းက တားမြစ်ထားတယ်၊ သူတို့ ဆက်လုပ်ကိုင်နေရင်း အခုလိုဖြစ်တာပါ" မဇ္ဈိမကို ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကလည်း “ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းက ဒေသခံများ ပြဿနာ မဖြစ်ပွားအောင် အဆောက်အဦး ဆောက်လုပ်နေမှု တွေရပ်ပေးဖို့ တားမြစ်စာ ထုတ်ထားတယ်၊ ပန်းရံလုပ်နေသူတွေအပေါ်ကို ပိသွားတယ်၊ တစ်ယောက် အောက်ပိုင်းလှုပ်လို့ မရဘူး၊ ဦးခေါင်းပိုင်း ထိခိုက်သူတွေကော ခြေထောက်ကျိုးတာတွေကောဖြစ်လို့ ပုသိမ်ဆေးရုံကို တင်ပို့ ထားတယ်” ပြောသည်။
AMBO အိမ်ရာ စီမံကိန်းမှ ရေမြောင်းအား ပန်းရံ လုပ်သမားများ အချောသတ်ရန် ပြုလုပ်နေစဉ် ရေမြောင်း နံရံပြိုကျခြင်းဖြစ်ပြီး၊ နံရံမှာ အမြင့် လေးပေနီးပါး နှင့် အရှည်မှာ ပေ ၇၀ ကျော် ဖြစ်သည်။
AMBO အိမ်ရာ နှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှုအား ဒေသခံ ၁၁ ဦး နှင့် အငြင်းပွားနေခြင်းဖြစ်ကာ ဒေသခံများက ခြံအတွင်း အဆောက်အဦးများ ဝင်ရောက်ဆောက်လုပ်ခြင်းကြောင့် ၂၀၁၄ ခုနှစ် အတွင်းက ဒေသခံ ၃၃ဦးကို တရားစွဲထားသည်။
ပုသိမ် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်းက “အရင် အစိုးရ လက်ထက် အဆင့်ဆင့် သိမ်းထားတဲ့ မြေယာလည်းဖြစ်တယ်၊ ဘာအဆောက်အဦးမှ မဆောက်လုပ်ဖို့လည်း မြို့နယ် ကတားတယ်လို့ ကျွန်တော်တို ကိုယ်စားလှယ်သွားမေးတုန်းက မြို့အုပ်ချုပ် ရေးအဖွဲ့ မှာ တားစာထုတ်ထား တယ်ပြောတယ်၊ လွှတ်တော်ဆုံးဖြတ်ချက်မရခင် အငြင်းပွားနေတဲ့ မြေပေါ်မှာ ဘယ်သူမှမဆောက်လုပ်ရဘူး။ အခု လုပ်ကိုင်နေတယ်”ဟု မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment