Friday, January 23, 2015

ကချင်ဆရာမ ၂ ဦးအလောင်း မြစ်ကြီးနားကို သယ်ဆောင်

အေးနိုင်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ် ကောင်းခါးရွာမှာ သတ်ခံရသူ ဆရာမနှစ်ဦးရဲ့ ရုပ်အလောင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်ပြီး မြစ်ကြီးနားမြို့ကို မော်တော်ယာဉ်တန်းနဲ့ သယ်ဆောင်ပါတယ်။

မူဆယ်ဆေးရုံကနေ မနေ့ညနေ ၄ နာရီက စတင်သယ်ယူလာပြီး ကွတ်ခိုင်မြို့အ၀င်မှာ ရဲတပ်ဖွဲ့ မသယ်ဖို့ တားမြစ်ပေမယ့် ၀တ်ပြုပြီး ဆက်လက်သယ်ဆောင်ခဲ့တဲ့ လမ်းတလျှောက်မှာ ကချင်ဒေသခံတွေက စောင့်ကြိုပြီး အကြမ်းဖက်မှု ရပ်တန့်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတဦးက “ည ၇ နာရီဝန်းကျင်လောက် ကွတ်ခိုင်ကို ၀င်တယ်။ ၀င်တဲ့အချိန်မှာ ကွတ်ခိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းကနေ ဆက်မသွားဖို့ ဟန့်တားတယ်။ နယ်မကျော်ခိုင်းတာဗျ။ အတင်းအဓမ္မကြီးတော့ မဟုတ်ဘူး။ မသွားဖို့တောင်းဆိုတာဗျ” လို့ ပြောပါတယ်။

ယာဉ်တန်းဟာ လားရှိုးကချင်နှစ်ခြင်းကျောင်းကို ညသန်းခေါင်မှာ ရောက်ရှိဝတ်ပြုဆု တောင်းခဲ့ပါတယ်။ လားရှိုးမြို့ခံ သတင်းထောက်တဦးက ညက ၀တ်ပြုပွဲမှာ ကချင်လူထု ၁၅၀၀ ကျော် တက်ရောက် ၀တ်ပြုဆုတောင်းတာ မြင်တွေ့တယ်လို့ ပြောပါတယ်။

“ညသန်းခေါင်ချိန်မှာ လူများသွားတာက တော်တော်လေး ဘယ်လို ဖြစ်သွားလဲဆိုတော့ လားရှိုးမြို့ပေါ်ကျေးရွာတွေက ကချင်လူထုအပြင် သိန္နီက ကချင်တွေပါ သုံးဘီးတွေနဲ့လာကြတာ။ နောက်တခုက ဒီမှာ အတင်းအဓမ္မပြုကျင့်သတ်ဖြတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ်ဆိုးကြီးကို လားရှိုးမြို့နယ်မှာလည်း ကချင်ပြည်သူလူထုက ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပါတယ်ဆိုတဲ့ သဘောထားထုတ်ပြန်ချက်တွေ ကပ်တယ်လေ။ ၀မ်းနည်းကြောင်း ၀တ်ပြုဆုတောင်းမှုတွေ၊ ဘာသာရေးသီးချင်းတွေဆိုပြီး ၁ နာရီလောက်ကျတော့ မန္တလေးကို တန်းထွက်တယ်။ ကားအစီးရေ ၈၀ လောက်ရှိမယ်။”


မန္တလေးကို မနက် ၉ နာရီခန့်လောက် ရောက်ရှိပြီးနောက် မြစ်ကြီးနားမြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံသတင်းထောက်တွေက ပြောပါတယ်။

ယာဉ်တန်းဟာ မြစ်ကြီးနားမြို့ကို ည ရှစ်နာရီလောက်မှာ ရောက်ဖွယ်ရှိပါတယ်။ မနက်ဖြန်မနက် ၉ နာရီမှာတော့ မြစ်ကြီးနားနဲ့ ၁၀ မိုင်အကွာ ဂျော်ဘွမ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်သင်္ချိုင်းမှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ဒီကနေ့မနက် ပြန်ကြားရေးဝန်ကြီးဌာနသတင်းက ဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ အမှုဖွင့် စစ်ဆေးနေသလို ပြည်နယ်အစိုးရကလည်း စုံစမ်း စစ်ဆေးသွားမယ်လို့ ဖော်ပြပါတယ်။

အခင်းဖြစ်နေရာမှာ သွေးစွန်းနေတဲ့ စတီးဓားတချောင်းနှင့် ထင်းချောင်း တချောင်း တွေ့ရှိရပြီး သေဆုံးသူတွေဟာ ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးနေကြတယ်လို့ ဆိုပါတယ်။ မျက်မြင်တွေ ပြောဆိုချက်အရ အဓမ္မပြုကျင့်ခံရမှု လက္ခဏာတွေနဲ့ပတ်သက်လို့တော့ ဖော်ပြခြင်းမရှိပါဘူး။

ကချင်လူမှုကွန်ရက်စာမျက်နှာတွေနဲ့ မျက်မြင်တွေက အဓမ္မပြုကျင့်သတ်ဖြတ်ခံရတယ်လို့ ရေးနေကြပြီး အခင်းဖြစ်ရာနေရာနဲ့ မလှမ်းမကမ်းမှာ အခြေစိုက်နေတဲ့ ခမရ ၅၀၃ က တပ်မတော်သားတွေကို သံသယဖြစ်စရာအဖြစ် စွပ်စွဲနေကြပါတယ်။

မနေ့ကတော့ အမှတ် ၅၀၃ တပ်က သူ့ရဲဘော်တွေကို တန်းစီပြီး ဆံပင်ကို စစ်ဆေးခဲ့တယ်လို့ အဆိုပါရွာကို ရောက်ရှိတဲ့ မူဆယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့က ကိုဇော်ရာက ပြောပါတယ်။

No comments: