Monday, January 26, 2015

သိမ်းဆည်းခံမြေပေါ်တွင် စဥ့်ကူးရှိ ထွန်းတုံးတိုက်လယ်သမားများ မြေဧကသုံးရာကျော် ဝင်ရောက်စိုက်ပျိးထား

အောင်ကိုဦး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းရှိ ရှိ နတ်ကြီးစင်၊ ပတ်လည်အင်း၊ ရေထွက်ကြီး စသည့်ကျေးရွာ ၆ ရွာမှ ဒေသခံတောင်သူများသည် သိမ်းဆည်းခံထားရသော လယ်ယာမြေများတွင် ထွန်တုံးတိုက်ပွဲဝင်ပြီး ဝင်ရောက် စိုက်ပျိုးလျက်ရှိရာ ဇန်နဝါလ ၂၅ ရက်အထိ ဧက ၃၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း ဓါးမဦးချပိုင်ဆိုင်ခဲ့သော ဒေသခံတောင်သူများက မဇ္ဈိမကို ပြောသည်။

လယ်ယာမြေဧက ၅၆၄ ဧကအား ၁၉၉၆ ခုနှစ်တွင် အမှတ် ၂၁၂ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်က မြေယာလျှော်ကြေးနှင့် သီးနှံလျှော်ကြေးများမပေးဘဲ သိမ်းဆည်းခဲ့သောကြောင့် အဆိုပါမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်မှစတင်ပြီး ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ဝင်ရောက်စိုက်ပျိုးကြသောတောင်သူများအနက် တောင်သူ ၅၆ ဦးမှာ စဥ့်ကူးမြို့နယ် ရဲစခန်းမှ ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရပြီး ဆက်လက်ဝင်ရောက် မစိုက်ပျိုးရန် ယခုလဆန်းပိုင်းတွင် အမှတ် ၁၂၁ စစ်တပ်မှ အကြောင်းကြားစာများ ပေးပို့ခဲ့သေးသည်ဟုလည်း လယ်သိမ်းခံတောင်သူများက ဆိုသည်။

ထိုသို့ တားမြစ်စာများရသော်လည်း ဒေသခံတောင်သူများအနေဖြင့် ကျန်နေသေးသည့် လယ်ယာမြေဧက ၃၀၀ ကျော်အား ဆက်လက်ဝင်ရောက် စိုက်ပျိုးသွားမည်ဖြစ်ပြီး သိမ်းဆည်လယ်ယာမြေများပြန် လည်စွန့်လွှတ်ပေးရန် နိုင်ငံတော် သမ္မတ အပါအဝင် ဝန်ကြီးဌာနအသီးသီးထံ ယခုလကုန်ပိုင်းတွင် စာတင်သွားမည်ဖြစ်သည်။

"သူတို့က ကြံစိုက်ထားတယ်။ စိုက်တယ်ဆိုတာက ဂရိတ်ဝေါ ကုမ္ပဏီက စိုက်နေတာပါ။ စစ်တပ်နဲ့ဘယ်လို လုပ်တယ် ဆိုတာမသိဘူး။ အခုကျွန်တော်တို့ ဧက ၃၀၀လောက်ကိုပဲ အမျိုးမျိုး ထွန်ယက်စိုက်ပျိုးထားတယ်။ ကျန်တဲ့ဧက ၃၀၀ ကျော်ကိုထွန်ယက်ဝင်စိုက်ဖို့လုပ်သွားမှာပါ။ အခုဖြစ်နေတဲ့ပုံစံက လယ်သိမ်းခံရတယ်။ လူက တရားစွဲခံရတယ်။ ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး။ ကျွန်တော်တို့ရှိတဲ့ လူအားနဲ့ ရအောင်လုပ်သွားမယ်။ ငတ်ပြီးအသေမခံဘူး" ဟု တောင်သူ ဦးစောမြင့်လွင်က ပြောသည်။

အဆိုပါ လယ်ယာမြေများ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အမှတ်၁၂၁ စစ်တပ်သို့ မေးမြန်ရန်အတွက် မဇ္ဈိမမှ သွားရောက်ခဲ့သော်လည်း တပ်အတွင်းသို့ ဝင်ရောက်ခွင့် မရခဲ့ပေ။

စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် အမည်မဖေါ်လိုသည့် ရဲဝန်ထမ်းတစ်ဦးက " ၁၂၁ က ဗိုလ်ကြီးတိုးနိုင်ငံ တရားလိုလုပ်ပြီး တိုင်ကြားထားတယ်။ ပုဒ်မ ၄၄၇၊၄၂၇ နဲ့ အရေးယူထားတယ်။ အတိအကျတော့ မသိဘူးနော်။ မေးလို့ လူမှုရေးအရ ဖြေပေးတာပါ" ဟု တုံ့ပြန် ဖြေကြားခဲ့သည်။

No comments: