Tuesday, January 6, 2015

အမျိုးသမီးဗိုလ်လောင်းများ ခေါ်ယူခြင်းသည် တန်းတူအခွင့်အရေးရရန် အာမခံချက်မရှိဟု ဝေဖန်

ထက်ထက်အောင်

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဇန်န၀ါရီ ၅ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း များ ခေါ်ယူခဲ့ခြင်းသည် အမျိုးသမီးများအတွက် တန်းတူအခွင့်အရေးရရန် အာမခံချက် မရှိကြောင်း အမျိုးသမီးရေး လှုပ်ရှားသူများ က ဝေဖန်ခဲ့သည်။

အမျိုးသမီး အရေးလှုပ်ရှားနေသည့် ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်က “အမျိုးသမီး ဗိုလ်လောင်း ခေါ်တာက အကောင်း၊ အဆိုးဒွန်တွဲနေတယ်။ တန်းတူထားပြီး မကန့်သတ်တာမျိုးဆိုရင်တော့ အမျိုးသမီး တွေအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းပါ။ ဒါပေမဲ့ အခုမြင်နေရသလောက်အထိကိုက အမျိုးသမီးတွေက တပ်ထဲမှာ ဗိုလ်မှူးအဆင့် အထိပဲ နေရာရနေတယ်” ဟု ဒီဇင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောသည်။

Triangle Women Support Group မှ မခင်လေးက “ဒီလို နေရာပေးတာကိုတော့ ကြိုဆိုပါတယ်။ တစ်ခု ပြောချင်တာက ပြည်သူ ကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်မှာ အမျိုးသမီးတွေ တာဝန်ထမ်း ဆောင်ရရင်တော့ ကောင်းတာပေါ့။ ပြည်သူကို ဖိနှိပ်မယ့် စစ်တပ်မှာအမျိုးသမီးတွေကို အသုံးချတာမျိုး တော့ မဖြစ်စေချင်ဘူး”ဟု ဆိုသည်။

အမျိုးသမီးဗိုလ်လောင်းများခေါ်ယူ ရာတွင် ပညာအရည်အချင်း၊ အသက်၊ အရပ်စသော ကန့်သတ်ချက်များ အပြင် အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည်ဟူသော သတ်မှတ်ချက်လည်း ပါရှိနေသည်။

ယင်းအချက်နှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အလုပ်သမားရေးရာ ဌာန ဒု-တာ ဝန်ခံ မသက်သက်အောင်က “အမျိုးသမီးတွေကို အရည်အချင်းရှိရင် ရှိသလို တက်လမ်းရဖို့ တကယ်အာမခံချက်ရှိရဲ့လားလို့ မေးချင်တယ်။ ဗိုလ်လောင်းခေါ်တဲ့ အထဲမှာ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့အဆင့် ဆိုရင် ဗိုလ်ရာထူးကနေ စခန့်မယ်လို့ပါတယ်။ ဒါက ပညာတတ်တဲ့ အမျိုးသမီးတွေ ကို စစ်တပ်ထဲဝင်လာဖို့ မက်လုံးပေးသလိုဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်အဆင့်အထိဆက်ခန့်ပေးမယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှုရှိ မနေပါဘူး။ ပြီးတော့ အပျိုဖြစ်ရမည်ဆိုတာပါတယ်။ တကယ်ရွေးချယ်ရမှာ စိတ်ဓာတ်ပါပဲ။ အပျိုစစ် မစစ်က အဓိကမကျပါဘူး”ဟုပြောသည်။

ဗိုလ်လောင်းခေါ်ယူခြင်းသည် အမျိုးသမီးများအား တန်းတူအခွင့်အရေးပေးသည်ဟု ဆိုပါက စစ်ဘက်ဆိုင်ရာတွင် တာဝန်ထမ်းဆောင်မည့် အမျိုးသမီးများအတွက် ဥပဒေပြဋ္ဌာန်း၍ အာမခံချက်နှင့် ထိရောက်သော ပေါ်လစီချမှတ်ရန်လိုအပ်သည်။

No comments: