Sunday, January 25, 2015

ရွှေဈေး ကျပ် ခုနစ်သိန်းအထိ ဆက်တိုက် မြင့်တက်လာ

Mizzima

ပြည်တွင်း ဈေးကွက်အတွင်း ရွှေဈေးထပ်မံ မြင့်တက်လာပြီး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ခုနစ်သိန်းအထိရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများ အသိုင်းအဝိုင်းက ပြောသည်။

ဇန်နဝါရီ ၂၁ ရက် တစ်ရက်တည်းတွင် ကျပ်တစ်သောင်းခန့် ထပ်မံမြင့်တက်ခြင်းဖြစ်ပြီး နံနက်ပိုင်းမှ မွန်းတည့် ၁၂ နာရီ အထိ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၉၆,ဝဝဝ အထိ ဈေးကွက်အတွင်း ရောင်း ဝယ်နေရာမှ မွန်းလွဲပိုင်း၌ ကျပ်ခုနစ်သိန်းအထိ ဆက်တက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ ရွှေဈေးတက်ခြင်းကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်လာခြင်းဖြစ်ပြီး ရှစ်ရက်အတွင်း တစ်ကျပ်သားလျှင် ကျပ် ၂၇,ဝဝဝ ခန့် မြင့်တက်ခဲ့သည်။

''ရွှေဈေးက ရက်ပိုင်းအတွင်း ဆက်တိုက်တက်လာတယ်။ အတက်နည်းနည်းများသွားတော့ အဝယ်ကျသွားတယ်။ စောင့်ကြည့်တဲ့သဘောပါ။ ဒီ့ထက်တက်လာရင် ပြန်ရောင်းသူများလာနိုင်တယ်'' ဟု ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၄ ရက်က ၁၆ ပဲရည် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၇၃,ဝဝဝ ရှိရာမှ ဇန်နဝါရီ ၂ဝ ရက်တွင် ကျပ် ၆၈၇,၂ဝဝ အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆,ဝဝဝ ခန့် မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်တွင် ကျပ် တစ်သောင်းခန့် ထပ်မံမြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၁ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၉၆ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်း၌ ကန်ဒေါ်လာ ၁,၃ဝ၂ အထိ မြင့်တက်ခဲ့ကာ ဇန်နဝါရီ ၂၁ ရက်ကထက် ကန် ၂၆ ဒေါ်လာ မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၁၄ ရက်က တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၂၈ သာရှိပြီး ဇန်နဝါရီ ၁၆ ရက်တွင် ကန်ဒေါ် လာ ၁,၂၅၉ သို့ မြင့်တက်လာကာ ဇန်နဝါရီ ၂ဝ ရက်တွင် ကန်ဒေါ်လာ ၁,၂၇၆ အထိ ရှိလာခြင်း ဖြစ်သည်။

ဆွစ်ဇာလန်ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချမှု၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း လျှော့ချမှုစသည့် လတ်တလော ကမ္ဘာ့စီးပွားရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေ ဝယ်လိုအားများပြားလာရာ ပြည်တွင်း ရွှေဈေးနှုန်းလည်း လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်။

No comments: