ဆန်းဖြိုးထွန်း
ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ် ကျေးရွာ အနီးတွင် ရွှေကန္တာရဝတီဟိုးဒင်း ကုမ္ပဏီလီမိတက်မှ ထုံးကျောက် စမ်းသပ်ထုပ်လုပ်ရန်နှင့် ဘိလပ်မြေစက်ရုံတည်ဆောက် ရန်လျာထားခြင်းအပေါ် ဒေသခံများကန့်ကွက်ကြပြီး တားမရလျှင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဟု ဒေါကမီး ကျေးရွာမှ ဦးအန်းဂျေလိုကပြောသည်။
“စက်ရုံဖြစ်လာရင် မဖြစ်မနေ လုံခြုံရေးတပ်တွေ ရှိလာမယ် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာမယ် တပ်တွေ ရှိတာကိုလည်း မဖြစ်စေချင်ဘူး လုံးဝမရရင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုပ် တောင်းဆိုသွားမယ်” ဟုပြောသည်။
ဒေသခံများက ထုံးကျောက်စမ်းသပ်တိုင်းတာခြင်း နှင့်ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းအပေါ် ကန့်ကွက်သည့် ကော်မတီတခုကို ဖွဲ့စည်းထားပြီး ဦးအန်းဂျေလိုက ကော်မတီဝင် ဒုဥက္ကဌ အဖြစ်တာဝန် ယူထားခြင်းဖြစ်သည်။
ရွှေကန္တာရဝတီဟိုးဒင်း ကုမ္ပဏ်ီမှ မြေဧက (၆၄၀) အား ထုံးကျောက် စမ်းသပ်ရန်အတွက် ၂၀၁၄ မတ်လ နှစ်ရက်နေ့တွင် ကျေးရွာများအား အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ဒေသခံများမှ ကန့်ကွက်စာများ ပြန်လည်ပေးပို့ ခဲ့ကြောင်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်တာမျိုး မရှိသေးကြောင်းဒေသခံများ ကပြောသည်။
၎င်း မြေဧက (၆၄၀) ဧကကို ကျေးရွာပေါင်း (၄၇) ရွာမှ တောင်သူများပိုင်ဆိုင်ပြီး တောင်သူ ၅၀၀ ဦး၏ ကန့်ကွက်ကြောင်းလက်မှတ် ရရှိထားကာ ပြည်နယ်အစိုးရအား ကန့်ကွက်စာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီတောတောင်တွေကို ထိန်းသိမ်းလာခဲ့ရတာ နှစ်ပေါင်းလည်းမနည်းဘူး သဘာဝပတ်ဝန်းကျင် အတွက်ကော ကျနော်တို့ မြေတွေ၊ယာတွေကေား အဆုံးရှုံးမခံနိုင်ဘူး ကျနော်တို့မှာ ဒါလေးတွေနဲ့ပဲ ရပ်တည်နေကြရတာ” ဟု ၀ါသောခူမှ တောင်သူတဦးက ပြောသည်။
လက်ရှိပြုလုပ်မည့် စီမံကိန်းများနှင့်ပက်သက် ၍ ကောင်းကျိုး ဆိုးကျိုး၊ သဘာဝပတ်ဝန်ကျင်း ထိခိုက်မှု အကျိုး အမြတ်များကို ကုမ္ပဏီအနေဖြင့် ဒေသခံများကို ပွင့်လင်းစွာ ချပြဆွေးနွေးသင့်ကြောင်း သယံဇာတတူးဖော်ထုပ်လုပ်ရေး လုပ်ငန်းများပွင့်လင်း မြင်သာရေး ဆောင်ရွက်သည့်အဖွဲ့ (EITI) ကယားပြည်နယ် တာဝန်ခံ ဆရာစစ်မုန်းက ပြောသည်။
“အဲ့ဒါတွေကို ပြည်သူတွေ သူတို့ ဘယ်လောက် ပြောပြနိုင်မလဲပေါ့နော် ထွက်လာတဲ့ဟာတွေကို ဒေသခံတွေ ဘယ်လောက်ပြန်သုံးနိုင်မလဲ ဒါစီမံကိန်းအပိုင်းပေါ့ အဓိကအရေးကြီးဆုံးကတော့ ဒေသခံတွေရဲ့ သဘေားထားပေါ့ ဒါအဓိက ကျပါတယ်” လို့ ကန္တာရဝတီတိုင်း(မ်) ကိုပြောသည်။
၎င်းဒေသတွင် ထုံးဖုတ်သည့်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများရှိပြီး စီမံကိန်းကြောင့် အခက်ခဲများကြုံလာရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ထို့ပြင် ထုံးကျောက်များထုတ်ယူရန် ကျောက်တောင်များနှင့် သစ်တောကြိုးဝိုင်းအဖြစ် ထိန်းသိမ်းလာကြသော နယ်မြေများပါ ဆုံးရုံးသွားမည်ဖြစ်ကြောင်း ဝါရီကောခူ ကျေးရွာမှ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
“ကျမကတော့ ကန့်ကွက်တယ် တောင်သူတွေဆိုတာ မြေကထမင်းအိုးပဲ မြေကိုသိမ်းရင် ထမင်းစားလို့ မရတော့ဘူး လျော်ကြေးပေးရင်လည်းမယူဘူး” ဟု ဒေါကမီးကျေးရွာမှ အဖွားတဦးကပြောသည်။
၎င်းနေရာတွင် ပြီးခဲ့သော ၂၀၁၂ အောက်တိုဘာလ ခန့်တွင် မှာ ဘိလပ်မြေ စက်ရုံနဲ့ ကျောက်ပြား စက်ရုံတည်ဆောက်ရန် အတွက် “လေးပွင့်ကြယ်” ကယန်းဒေသဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် မှ လည်း ကြိုးစားခဲ့သည်။

No comments:
Post a Comment