ရေခဲ (ပြည်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မလိုလားသူများ ရာထူးတာဝန်မှ နှုတ်ထွက်ပေးရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇန်ဝါရီ ၃ ရက် ညနေ ၃နာရီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
“ဖွဲ့စည်းပုံ ပြင်ဖို့အတွက် ကာချုပ်နဲ့တပ်မတော်က ပိုပြီးတာဝန်ရှိတယ်။ ပြည်ခိုင်ဖြိုးက အစိုးရက ဒုတိယတာဝန်ရှိတယ်။ NLD နဲ့ ပွင့်လင်းမှာလည်း တာဝန်ရှိတယ်။ ဘယ်အစိုးရ တက်တက် တိုင်းပြည်အကျိုးအတွက် ဖွဲ့စည်းပုံမပြင်ဘူးဆိုရင် နုတ်ထွက်ခိုင်းရမှာပဲ” ဟု ဆန္ဒပြခေါင်းဆောင် ကိုဝင်းလှိုင်ကပြောသည်။
ဆန္ဒပြသူများသည် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီး စုဝေးဟောပြောခဲ့ကြပြီး“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ၅၉(စ) ပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒို့အရေး၊ ဖွဲ့စည်းပုံ မပြင်ချင်သော ကာချုပ်နှင့် တပ်မတော် ကိုယ်စားလှယ်များ နှုတ်ထွက်ကြ၊ ၄၃၆ ၊ ၅၉(စ) ဖွဲ့စည်းပုံမပြင်ချင်သော ပြည်ခိုင်ဖြိုးအစိုးရ နှုတ်ထွက်ကြ” စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်မြို့တွင် တစ်လတစ်ကြိမ် ဆန္ဒပြပွဲများ ပုံမှန်ပြုလုပ်လျှက်ရှိသည်။ နိုင်ငံတော်က သတ်မှတ်ထားသည့် အချိန်တွင် ဖွဲ့စည်းပုံ မပြင်ဆင်ဖြစ်ပါက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသွားမည်ဟုလည်း ဆန္ဒပြသူများက ပြောသည်။
No comments:
Post a Comment