သစ်နေမိုး
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမ၀င် ကုန်သွယ်မှု များပြားခြင်းကြောင့် ကုန်သွယ်ဖက် အိမ်နီးချင်း နိုင်ငံများ စာရင်းနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ဘီလီယံချီ၍ ကွာဟနေသေးကြောင်း သိရသည်။
“နယ်စပ်ကုန်သွယ်မှု ပမာဏက အိမ်နီးနားချင်း နိုင်ငံတွေနဲ့ စာရင်းဇယားချင်း နှိုင်းယှဉ်မယ်ဆို ဒီဘက်မှာ အင်မတန် နည်းပါတယ်။ တရုတ်ပြည် စာရင်းနဲ့ ကျနော်တို့နဲ့ဆို ဘီလီယံနဲ့ချီ ကွာသလို ထိုင်းမှာလည်း ဒီတိုင်းပဲ ကွာပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန(စီးပွား/ကူးသန်း) ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။
လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ဇန်န၀ါရီလ ၂၀ ရက်က ပြုလုပ်သော အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် အလုပ်သမားများ လူမှုစီးပွား ဘ၀မြှင့်တင်ရေးဆိုင်ရာ အခမ်းအနားတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ထိုကဲ့သို့ တရားမ၀င် ကုန်သွယ်မှု များပြားလာခြင်းက စားသုံးသူများကို ထိခိုက်စေသည့်အပြင် အခွန်ဆောင်ပြီး တရားဝင် ကုန်သွယ် နေသူများ အတွက် ဈေးကွက် ယှဉ်ပြိုင်မှုကို ကျဆင်းစေသည့်အတွက် တရုတ်၊ ထိုင်းနိုင်ငံ တို့နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေသည် ဟုလည်း စီးပွား/ကူးသန်း ၀န်ကြီးက ပြောဆိုသည်။
တရုတ်နှင့် ထိုင်းနိုင်ငံများမှ တင်ပို့၊ တင်သွင်းသည့် ကုန်ပစ္စည်များ စာရင်းတန်ဖိုးနှင့် မြန်မာနိုင်ငံဘက်မှ ယင်းနိုင်ငံများသို့ တင်ပို့၊ တင် သွင်းသော ကုန်ပစ္စည်းများ စာရင်းတန်ဖိုးတို့ကို နှိုင်းယှဉ်ပါက တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဖော်ပြစာရင်းများတွင် ပမာဏများနေခြင်း သည် မြန်မာဘက်၌ တရားမ၀င် တင်သွင်းမှု များပြားနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
“တရုတ်ရော ထိုင်းကိုရော ညှိနှိုင်းနေတာပဲ။ ထိုင်းကို ကျနော် လာမယ့် အပတ်ထဲ သွားမယ်။ တရားမ၀င် ကုန်သွယ်မှု လျော့နည်း အောင် နဲ့ စားသုံးရန် မသင့်တဲ့ ကုန်ပစ္စည်းတွေ လျော့နည်းသွားအောင်ပေါ့”ဟု ၀န်ကြီး ဦးဝင်းမြင့်က ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၂၁. ၁၅၆၈ ကျော်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၈ ရက်အထိ ဒေါ်လာ သန်းပေါင်း ၃၅၆. ၉၅ ရှိသည်ဟု စီးပွား/ကူးသန်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ နှစ်စဉ် အလိုက် တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏကို ကြည့်မည် ဆိုပါက ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၂၇၆၈.၈၈၈ သန်း ကုန်သွယ်မှုပြုနိုင်ခဲ့ပြီး ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာ နှစ်တွင် အမေရိကန် ဒေါ်လာ ၂၇၃၆. ၅၂၅ သန်း (၂.၈) ဘီလီယံ နီးပါး ကုန်သွယ်မှု ပြုနိုင်ခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံနီးပါး အထိ ရှိလာသည်။
ထိုအခြေအနေအရ လက်ရှိ တရားဝင် ကုန်သွယ်မှု ပမာဏ တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ကုန်သွယ်မှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က“အခုဆိုရင် ဇန်န၀ါရီ ပထမပတ်အထိ ကုန်သွယ်မှု ပမာဏ ၂၁ ဘီလီယံ အထိ ရရှိနေပါတယ်။ ပို့ကုန်ထက် သွင်းကုန်က များပါတယ်”ဟု ပြောသည်။
နယ်စပ် တရားမ၀င် ကုန်သွယ်မှုများ များပြားလာခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပုဇွန်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးနှင်းဦး က “အခုလို ဖြစ်နေတာကတော့ သက်ဆိုင်ရာ ဥပဒေပိုင်းမှာ အားနည်း နေသေးတယ်လို့ မြင်တယ်။ ဒီပစ္စည်းတွေ အားလုံးက လူမှု အသိုင်းအ၀ိုင်းကနေ သွားတာကြီးပဲ။ ဒါကို အရပ်ဘက်ရော အစိုးရဘက်ရော စေတနာ ပါပါနဲ့ လုပ်ပေးသွားရင်တော့ လျော့သွားဖို့ ရှိတယ်”ဟု ပြောသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team က နယ်စပ်လမ်းကြောင်းများတွင် တားဆီး ထိန်းချုပ်မှုများ ရှိနေ သော်လည်း ကျယ်ပြန့်လှသည့် နယ်စပ်စည်းရိုး တလျှောက်တွင် ထိရောက်စွာ နှိမ်နင်းထိန်းသိမ်း နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
Mobile Team က တရားမ၀င် ကုန်သွယ်မှုများကို စတင်တားဆီးသည့် အချိန်မှစပြီး ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် တန်ဖိုးသည် ၂၅ ဘီလီယံ ကျပ်ခန့် ရရှိနေပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ အတွက် သွင်းကုန် တင်သွင်းမှု များပြားလာသည်နှင့်အတူ ပို့ကုန်နှင့် သွင်းကုန် မမျှတခြင်းကြောင့် ကုန်သွယ်ရေး လိုငွေသည် နှစ်စဉ်တိုးလာသည့် အခြေအနေ ဖြစ် သည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်ရေး လိုငွေပြမှုသည် အမေရိကန် ဒေါ်လာ ၃ ဘီလီယံကျော် ရှိခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ် တွင် ယခုအချိန်အထိ ၄ ဘီလီယံခန့် ရှိနေပြီဟု သိရသည်။

No comments:
Post a Comment