Monday, January 26, 2015

အပစ်ခံရသူက ဗိုလ်ကြီးဟု ထွက်ဆိုသော်လည်း ပစ်သူမှာ ဗိုလ်ကြီးမဟုတ်ဟု ရဲတပ်ဖွဲ့က ဆို

အောင်ကိုဦး

လေင်းခေးခရိုင် အုပ်ချုပ်ရေးမှူးရုံးအတွင်း ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ဒု-ခရိုင်မှူးက မသေဆုံးမီ ဗိုလ်ကြီးဟု ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က ဗိုလ်ကြီးမဟုတ်ဟု လင်းခေးခရိုင် ရဲတပ်ဖွဲ့က တာဝန်ကျရဲအရာရှိက မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ပြောကြားလိုက်သည်။

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအတွင်း ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ခလရ (၉၉)မှ ဗိုလ်ကြီးမြတ်သူ ဆိုသူက ဒု-ခရိုင်အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုထားသော်လည်း လင်းခေးခရိုင် ရဲတပ်ဖွဲ့က ဗိုလ်ကြီး မဟုတ်ဘဲ စုံစမ်းစစ်ဆေးဆဲသာ ဖြစ်သည်ဟု လင်းခေးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက ဇန်နဝါ ရီ ၂ဝ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်လည်ဖြေကြားခဲ့သည်။

''ဗိုလ်ကြီး မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးတုန်းမှာ အထင်နဲ့ပြောလို့ မရပါဘူး။ သေဆုံးသူကတော့ မသေခင် ဗိုလ်ကြီးလို့တော့ ပြောသွားတယ်။ ဒါပေမဲ့ ဘာမှအတည်ပြုလို့ မရသေးဘူး။ စုံစမ်းစစ်ဆေးဆဲဆိုတော့ လောလောဆယ် ပြောဖို့ခက်တယ်'' ဟု ၎င်းက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သွားသူ ကိုလင်းခေးခရိုင် ရဲတပ်ဖွဲ့က ပုဒ်မ ၃၂၆၊ ၃ဝ၇၊ ၃၃၃ အမှုဖွင့်ထား ပြီး အမြန်ဆုံး အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ၎င်းကဆိုသည်။ ပစ်ခတ်မှုဖြစ်ပွားသည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မှု အကြိမ်ကြိမ် ပြုလုပ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဒေသခံအများစုသည် ပစ်ခတ်သွားသော ဗိုလ်ကြီးကို မိုင်းပန်မြို့ရှိ ခလရ (၅၇၈) တပ်ရင်းတွင် ဖမ်းဆီးမိခဲ့ သည်ဟု ဆိုသော်လည်း ခရိုင်ရဲတပ်ဖွဲ့ကမူ မသိရှိသေးကြောင်းနှင့် စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ဖြေကြားသည်။

ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘိုဘို သန်းဆွေသည် ပစ္စတိုသေနတ်ဖြင့် သုံးချက် အပစ်ခံခဲ့ရသည်ဟု အဆိုပါ ရုံးအနီးနေထိုင်သူ ဒေသခံတစ်ဦးက မဇ္ဈိမကို ဇန်နဝါရီ ၁၉ ရက်က ပြောကြားခဲ့သည်။

အဆိုပါ သေနတ်ဒဏ်ရာရသူ ဒု-ခရိုင် အုပ်ချုပ်ရေးမှူးကို လွယ်လင်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု မျက်မြင်ဒေသခံများက ဆိုသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ ခရိုင် ရဲတပ်ဖွဲ့က (ပ) ၃၊၂ဝ၁၅ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

No comments: