Thursday, January 1, 2015

ကျပ်သိန်းသုံးထောင်နီးပါး အလွဲသုံးစားမှုဖြင့် ပြန်ကြားရေးဝန်ထမ်း သုံးဦးကို ထောင်ဒဏ်နှစ် လေးဆယ်ချမှတ်

ကျော်စိုးမိုး

ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် မြန်မာ့အလင်းသတင်းစာ ဖြန့်ချိရေးဌာနမှ ဝန်ထမ်းသုံးဦးကို ငွေကျပ်သိန်း သုံးထောင်နီးပါး အလွဲသုံးစားပြုမှုဖြင့် အနောက်ပိုင်း ခရိုင်တရားရုံးမှ ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ်နှစ်လေးဆယ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၀၁၂ ဘဏ္ဍာနှစ်အထိ လေးနှစ်အတွင်း ကျပ်သိန်းပေါင်း ၂၈၈၆ သိန်း အလွဲသုံးစားပြု လုပ်မှုဖြင့် မြန်မာ့အလင်း သတင်းစာတိုက် စီမံရေးအပိုင်းမှ မန်နေဂျာအဆင့်ရှိသူ တစ်ဦးနှင့် လက်ထောက်မန်နေဂျာ အဆင့်ရှိသူနှစ်ဦးကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက အရေးယူခဲ့ပြီး တရားစွဲဆိုခဲ့ရာ ယခုမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရှေ့နေဦးရောဘတ်စန်းအောင်က "သူတို့ကို တရားစွဲထားတဲ့ ပုဒ်မက အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်ကနေ နှစ် ၂၀ အထိ အမိန့်ချလို့ရပါတယ်" ဟု ပြောသည်။

၎င်းတို့သုံးဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုပြီး အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ မြန်မာ့အလင်းသတင်းစာ စီမံရေးပိုင်းမှ မန်နေဂျာ အပါအဝင် သုံးဦးကို အထက်ပါ ဥပဒေပုဒ်မဖြင့် ဘဏ္ဍာနှစ်တစ်နှစ်စီအတွက် ထောင်ဒဏ်ဆယ်နှစ်ဖြင့် ဘဏ္ဍနှစ်လေးနှစ်အတွက် စုစုပေါင်း ထောင်ဒဏ်နှစ်လေးဆယ် ကျခံစေရန် အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

No comments: