ထင်လင်းအောင်
ကားတင်သွင်းခွင့် လျှောက်ရာတွင် အချက်နှစ်ချက်ကို ထပ်မံကန့်သတ်လိုက်သဖြင့် ကားတင်သွင်းရန်ကိစ္စများ ပိုမိုခက်ခဲလာမည်ဟု မော်တော်ယာဉ်တင်သွင်း ရောင်းချသူများ အသိုင်းအ၀ိုင်းက မဇ္ဈိမကိုပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကားတင်သွင်းခွင့် ပါမစ် လျှောက်လွှာတင်ပါက သန်းခေါင်စာရင်း မူရင်း တင်ပြရန်အချက်နှင့် ကားပါမစ်များ အားလုံးကို စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြုလုပ်သည့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ EICC (Export Import Coord-ination Committee) အစည်းအဝေးသို့ တင်ပြရမည်ဟု ဇန်န၀ါရီ ၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းနှင့် စပ် လျဉ်းကာ ၎င်းတို့က ပြောသည်။
ကားတင်သွင်းရောင်းချသူ တစ်ဦးဖြစ်သူ ဦးအောင်ဇော်ဦး(အရည်ကြို) က “သန်းခေါင်စာရင်းမူရင်းကိစ္စက လိမ်လည်မှုတွေ မဖြစ်နိုင်အောင်လို့ လုပ်လိုက်တာ ဖြစ်မှာပါ။ ပါမစ်ကို စီးပွား/ကူးသန်းရဲ့ အစည်းအဝေး ကို တင်ပြရမယ်ဆိုတဲ့ အချက်ကတော့ ပိုပြီး ကြန့်ကြာသွားနိုင်တာပေါ့။ ပါမစ်လျှောက်တာ ပိုမိုခက်ခဲလာမှာ သေချာတယ်” ဟု ပြောသည်။
ယခင်က ကားတင်သွင်းခွင့်ပါမစ် လျှောက်ရာတွင် မှတ်ပုံတင်မူရင်းသာပြရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ပါမစ်များကိုလည်း ကားတင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီက တိုက်ရိုက်ထုတ်ပေးခဲ့ခြင်း ဖြစ် သည်။ သို့ဖြစ်ရာ ကားတင်သွင်းသူများသည် မှတ်ပုံတင်မူရင်းနှင့် ကိုက်ညီသည့် ရန်ကုန် သန်းခေါင်စာရင်းများကို ရယူခြင်းဖြင့် ကားပါမစ် လျှောက်ထားမှုများ ရှိနေသည့်အပေါ် ကန့်သတ်ရန် ဆောင်ရွက်ခြင်း ဖြစ် နိုင်သည်ဟု ၎င်းက သုံးသပ်သည်။
အလားတူပင် ယခင်က ကားပါမစ်များနှင့် ကားတင်သွင်းခွင့်များကို ကားတင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ One Stop Service OSS က တိုက်ရိုက်ထုတ်ပေးခြင်း ဖြစ်သည်။ ယခုအခါ စီးပွား/ကူးသန်း ၀န်ကြီးဌာနက ပြုလုပ်သည့် EICC အစည်းအဝေးသို့ တင်ပြရမည်ဖြစ်ပြီး ပိုမို ကြာမြင့်လာနိုင်သည်ဟု ကား လုပ်ငန်းရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ပြန်ကြားရေးတာဝန်ခံ ဦးမိုးကျော် စွာက“တင်သွင်းခွင့်ကိစ္စကို One Stop Service နဲ့ မလုပ်တော့ဘူးဆိုရင်အချိန်က ပိုပြီးကြာသွားနိုင်တယ်” ဟု ပြောသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ကားတင်သွင်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို ထိခိုက်စေမည် မဟုတ်ဘဲ တင်သွင်းသည့် ကားအစီးရေ တိုးတက်လာခြင်းနှင့် လျော့ကျသွားသည့် အခြေအနေကိုသာ သိလိုခြင်းကြောင့်ဖြစ် သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေး ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်အောင်က ပြောသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားတင်သွင်းလျှင် ကားပါကင်နေ ရာရှိသူများကိုသာ တင်သွင်းခွင့်ပြု သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment