Tuesday, January 6, 2015

ဒေါ်ခင်ဝင်းအား သေနတ်ဖြင့် ပစ်သည့်တရားခံကို ဖော်ထုတ်ပေးရန် မုံရွာတွင် လူနှစ်ရာခန့် ဆန္ဒပြ

မင်းမင်း

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အကြမ်း ဖက်မှုများ ရပ်တန့်ရန်နှင့် လူသေဆုံးစေ ခဲ့သည် အထိ အကြမ်းဖက် ပစ်ခတ် ခဲ့သော တရားခံအား အမြန်ဆုံးဖော် ထုတ်ပေးရန် ဇန်နဝါရီ ၅ရက် နေ့လည်ပိုင်းက မုံရွာမြို့ ပေါ်တွင် လူနှစ်ရာခန့် ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်း ခြံစည်းရိုး ခတ်စဉ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များနှင့်ဒေသခံ များကြားဖြစ် ပွားခဲ့သည့် ပဋိပက္ခတွင် အသက်ငါးဆယ် ကျော်အရွယ်ဒေသခံအမျိုးသမီးသေဆုံးခဲ့ရသည်အထိ အကြမ်းဖက်ခဲ့သော တရားခံအား အမြန်ဆုံးဖော် ထုတ်ပေးရန် ဆန္ဒပြခဲ့ကြခြင်းဖြစ် သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံအဝှမ်းရှိ ပြည်နယ်နှင့်တိုင်းအလိုက်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ပွင့်လင်းမြင် သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ် ဖက်မဟာမိတ်အဖွဲ့(MATA)က ဦးဆောင်ပြီး ဒေသခံအချို့နှင့် စုပေါင်း ဆန္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။

စစ်ကိုင်းတိုင်း MATAအဖွဲ့ဝင်ဖြစ်သူ လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်းက “ကျွန်မတို့ အဓိကတောင်း ဆိုတာက လက်ပံတောင်းတောင် အကြမ်းဖက် မှုနဲ့ပတ် သက်ပြီးတော့ ပစ်လိုက်တဲ့ တရားခံကို ဦးလှထွန်းနဲ့ ဦးသာအေးက ရှာပေးဖို့ တောင်းဆိုတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဦးလှထွန်းမှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး သမ္မတရုံးဝန်ကြီး လည်းဖြစ် ကာ ဦးသာအေးမှာမူ စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်ဖြစ်သည်။

ဆန္ဒပြသူများက “အကြမ်းဖက်မှုရပ်” ဟူသည့် ပိုစတာ များကို ကိုင်ဆောင်ကာ မုံရွာမြို့လယ်ရှိ နာရီစင်မှ တိုင်းအား ကစားကွင်းအထိ လမ်းလျှောက် ဆန္ဒပြ ပြီးနောက် ထိုမှတစ်ဆ ဆင့် နာရီစင်သို့ ပြန်လည်လမ်း လျှောက်ကာ ဆန္ဒပြပွဲကို ဆုံးသတ်ခဲ့ကြသည်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်သေဆုံးခဲ့ရမှုအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုရှိ၊ မရှိဖော် ထုတ်ရန် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော် မရှင်က လက်ပံတောင်း ဒေသသို့ ပြီးခဲ့သည့် ရက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သေးသည်။

ဒေါ်ခင်ဝင်းသေဆုံးမှုဖြစ်ပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သလို ရန်ကုန်ရှိ တရုတ်သံရုံးအနီး လုံခြုံရေးစည်း ကိုကျော်ဖြတ် ပြီးဆန္ဒပြ ရန်ကြိုးစား သည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို ဒီဇင်ဘာ ၃၀ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

No comments: