ထင်လင်းအောင်
အစိုးရငွေချေး သက်သေခံလက်မှတ် (Bond) များကို လုပ်ငန်းရှင်အချင်းချင်း လက်ပြောင်း ရောင်းဝယ်မည့် ဈေး ကွက် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက မဇ္ဈိမကို ပြောကြားသည်။
ဗဟိုဘဏ်က အစိုးရငွေချေးသက်သေခံလက်မှတ်(Bond)များကို လုပ်ငန်းရှင်များထံ တင်ဒါစနစ်ဖြင့်ရောင်း ချပေးတော့မည်ဖြစ်ရာ လုပ်ငန်းရှင် အချင်းချင်းကလည်း လက်လွှဲရောင်းဝယ်မှုပြန်လုပ်မည့် ဈေးကွက်တစ် ခုလည်း ကျယ်ပြန့်လာမည်ဟု ဒုတိယ၀န်ကြီးက သုံးသပ်ပြောကြားခြင်း ဖြစ်သည်။
“ဗဟိုဘဏ်က Bond တွေကို လေလံနဲ့ရောင်းပေးလိုက်တာက အဲဒါကို အပြိုင်အဆိုင် ဖြစ်လာဖို့ ဈေးကွက်ကို ဆွပေးလိုက်တဲ့ သဘောပါပဲ။ ဆိုတော့ လုပ်ငန်းရှင်အချင်းချင်း ရောင်းဝယ်မှုပြန်လုပ်မယ့် ဈေးကွက်ကလည်း ပေါ်လာနိုင်တယ်” ဟု ပြောသည်။
ယခု ၂၀၁၅ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ငွေချေးစာချုပ်များကို လေလံစနစ်ဖြင့် ရောင်းချမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က တရားဝင်ပြောထားသည်။ ယင်းနှင့်စပ်လျဉ်းကာ နိုင်ငံတော်သမ္မတ၏ ဇန် န၀ါရီ ၁ ရက် မိန့်ခွန်းတွင်လည်း ထည့်သွင်းပြောထားသည်။
အစိုးရ၏ ငွေချေးသက်သေခံလက်မှတ် (Bond)သည် ပြင်ပငွေချေး လက်မှတ်များကဲ့သို့ ငွေချေးပေးသူ၏ အမည်မပါခြင်းကြောင့် ၎င်းသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် သတ်မှတ်အချိန်ကာလ ပြည့် ပါက အစိုးရထံတွင် ချေးငွေများကို ပြန်လည် ထုတ်ယူနိုင်ခြင်း ဖြစ်သည်။ ထို့အတူေ ငွေချေးသက်သေခံ လက်မှတ်ပါ အတိုးနှုန်းများအတိုင်း သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူက ထုတ်ယူခွင့်ရှိသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် က “အခုအချိန်ထိတော့ မြန်မာနိုင်ငံမှာ Bond တွေကို စာရွက်နဲ့ပဲ သွားနေပါသေးတယ်။ လာမယ့် လဆန်းပိုင်းကစပြီး အီလက်ထရောနစ် စနစ်တွေနဲ့ အွန်လိုင်းပေါ်ကပဲ သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အွန်လိုင်းပေါ်က သွားနေကြတာ ကြာပါပြီ” ဟု အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေး ဗဟိုဌာန၌ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းအတွင်း ပြုလုပ်ခဲ့ သည့် ဟောပြောပွဲတွင် ပြောသည်။
၎င်းငွေချေး သက်သေခံလက်မှတ်ဈေးကွက် (Bond Market) အောင်မြင်ကျယ်ပြန့် လာမည်ဆိုပါက ကုမ္ပဏီလုပ်ငန်းများ၏ ငွေကြေး အရင်းအနှီး ဈေးကွက်ကိုလည်း ပိုမိုဖွံ့ဖြိုးလာစေမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးဆက်အောင်က “ရင်းနှီးမြှုပ်နှံလိုသူတွေက ကုမ္ပဏီတွေဆီကနေ Bond တွေ၊ ရှယ်ယာတွေကို ၀ယ်ပြီး မြှုပ်နှံကြတယ်။ ကုမ္ပဏီတွေက အဲဒီငွေကြေးနဲ့ လုပ်ငန်းဆောင်ရွက်မယ်။ အဲဒါကြောင့် ရှယ်ယာ ဈေးကွက်၊ Bond ဈေးကွက် ပေါ်လာတာ ဟာ အရင်းအနှီးဈေးကွက်ကို ဖွံ့ဖြိုးလာစေပါတယ်” ဟု ပြောသည်။
ကုမ္ဗဏီတစ်ခုသည် ဗဟိုဘဏ်မှ လေလံစနစ်ဖြင့် ၀ယ်ယူထားသည့် Bond များကို အရင်းအနှီး လိုအပ်ချက် ရှိလာပါက အခြား ကုမ္ဗဏီထံ ပြန်လည်ရောင်းချခြင်းဖြင့် အရင်း အနှီးကို ပြန်လည်ရယူနိုင်သည်။ အမြတ် ရရှိရေး ပြန်လည်ဝယ်ယူသူသည် သတ်မှတ် အချိန်ကာလပြည့်ပါက အစိုးရထံမှ ငွေများကို ပြန်လည်ထုတ်နိုင်သည့် လည်ပတ်မှုပုံစံ ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် အစိုးရငွေချေးသက်သေခံ လက်မှတ်များကို မြန်မာ့စီးပွားရေးဘဏ်နှင့် Myanmar Security Exchange MES တို့က ထုတ်ရောင်း ပေးနေခြင်းဖြစ်သည်။
No comments:
Post a Comment