Tuesday, January 6, 2015

နိုင်ငံခြားသား ခရီးသွားဝင်ရောက်သည့် လေဆိပ်အားလုံး အဆင့်မြှင့်တင်မည်

နိုင်နိုင်ဇော်

နိုင်ငံခြား ခရီးသွားများ ဝင်ရောက်သည့် လေဆိပ်အားလုံးကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဟု လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၏ AASC လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနခွဲ တာဝန်ရှိသူ က ပြောသည်။

ပြည်တွင်းလေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စတင်လုပ်ဆောင်နေပြီး ယခုနှစ်အတွင်း သံတွဲ၊ ဟဲဟိုး၊ လွိုင်ကော်နှင့် ပုဂံညောင်ဦး လေဆိပ်စီမံကိန်းများ အပြီးသတ်မည်ဖြစ်ပြီး ကျောက်ဖြူ၊၊ စစ်တွေ၊ ပူတာအို၊ မြစ်ကြီးနား လေဆိပ် စီမံကိန်းများကို လာမည့်ဘဏ္ဍာနှစ်၌ ထပ်မံအဆင့်မြင့် တင်မည်ဟု AASC ဌာနခွဲ ညွှန်ကြားရေးမှူးက ပြောသည်။

“ဒီလေဆိပ်စီမံကိန်းထဲက တစ်ဝက်လောက်က ဒီဘဏ္ဍာနှစ်အတွင်း အပြီးလုပ်နေတယ်။ ကျန်တာတွေက နောက်ဘဏ္ဍာနှစ်မှာ ဆက်လုပ်မယ်”ဟု AASC ဌာနခွဲညွှန် ကြားရေးမှူးကပြောသည်။

လက်ရှိအချိန်တွင် ပုဂံညောင်ဦးနှင့် ဟဲဟိုးနှင့် သံတွဲလေဆိပ်များကို အဆင့်မြှင့် ခြင်း၊ ၂၄ နာရီ ၀န်ဆောင် မှုပေးနိုင်ရန် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ခြင်းများ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

ယင်းလေဆိပ် တည်ဆောက်မှုလုပ်ငန်းများကို နောင်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် PPP ပုံစံ လုပ်ကိုင် သွားမည်ဖြစ်ပြီး မူဆယ်လေဆိပ် သစ်စီမံကိန်းအား ပုဂ္ဂလိက နှင့် ပူးပေါင်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူထားကြောင်း အဆိုပါဌာနက ပြောသည်။

ပြည်တွင်းလေယာဉ်ကွင်း စီမံကိန်းများကို ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့ နိုင်ငံတကာ လေယာဉ် ကွင်းများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အသစ်တည်ဆောက်မည့် ဟံသာဝတီ လေဆိပ် စီမံကိန်းများကိုလည်း နိုင်ငံ တကာနှင့် တည်ဆောက်နေခြင်းဖြစ်သည်။

No comments: