Monday, January 26, 2015

နယ်လှည် ဓမ္မကထိက ဆရာတော်များ စုပေါင်းပြီး သက်ကြီးမသန်စွမ်း စောင့်ရှောက်ရေး ဂေဟာဆောက်မည်

အောင်ကိုဦး

တိုင်းအတွင်းရှိ နယ်လှည့်ဓမ္မကထိ ဆရာတော် အချို့စုပေါင်းမတည်ပြီး မန္တလေးမြို့တွင် သက်ကြီးမသန်စွမ်းစင်တာ တည်ဆောက်သွားမည်ဟု ခန္တီရာမဆရာတော် ဦးလောကပါလ (ပန်းပျိုးလက်)မှ မဇ္ဈိမ ကိုမိန့်ကြားသည်။

အဆိုပါစင်တာ တည်ဆောက်နိုင်ရန်အတွက် စိတ်တူကိုယ်တူ ဆရာတော်သံဃာတော်များဖြင့် ဇန်နဝါရီ ၂၃ ရက်တွင် ညှိနှိုင်းတိုင်ပင်မှုများ လုပ်ဆောင်ထားပြီး ဖေဖေါ်ဝါရီလဆန်းတွင် တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးမှုများ လုပ်ဆောင်သွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

"ဘုန်းကြီးတို့အနေနဲ့ အစိုးရအဖွဲ့နဲ့တွေ့မယ်ဆိုတာက သူတို့ဆီက အကူအညီယူချင်လို့ မဟုတ်ဘူး။ အသိပေးဆွေးနွေးတဲ့ သဘောပဲ။ စာတွေဘာတွေ တင်နေမှာ မဟုတ်ဘူး။ အသိပေးရုံ သက်သက်ပါပဲ။ အခုလို စင်တာတည်ဆောက်တယ် ဆိုတာကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်း တာပါပဲ။ ကောင်းသောအကျင့် ကောင်းသောအကြံနဲ့လုပ်တာဆိုတော့ ပြသနာ မရှိပါဘူး" ဟု ဆရာတော်က မိန့်သည်။

စင်တာတည်ဆောက် ပြီးစီးသွားပါက ခြေလက်မပါရှိခြင်းနှင့် ခြေလက်မသန်စွမ်းဖြစ်နေသော အသက် ၅၀ အထက် အဘိုးအဘွားများကို အဓိကထား ပြုစုစောင့်ရှောက်ပေးသွားမည် ဖြစ်သည်။

အဆောက်အဦး တည်ဆောက်ရန်အတွက် နေရာသုံးခုလျာထားပြီး မည်သည့်နေရာတွင် အတည်ပြုဆောက်မည်ကို မမိန့်ကြားနိုင်သေးကြောင်း၊ အသေးစိတ် အချက်အလက်များနှင့် ဆက်သွယ်ရမည့်လိပ်စာများအား အသေးစိတ်ဆွေးနွေးညှိနှိုင်း ပြီးပါက တရားဝင်ကြေငြာ ချက်ထုတ်ကာ သတင်းထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

"ဘုန်းကြီးတို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လုပ်မယ်။ ဘာလို့ဒီလုပ်ဖို့ဖြစ်လာရလည်းဆို နယ်လှည့်ပြီး တရားဟောနေတော့ သက်ကြီးမသန်စွမ်းတွေ တောင်းရမ်း စားသောက် နေရတာ တွေ့ရတယ်။ အဲဒီလိုမြင်ရတွေ့ရတော့ ရင်ထဲမကောင်းဘူး။ သူတို့ရဲ့ နေဝင်ချိန်လေးကို လှလှပပ ဖြစ်စေချင်တယ်။ တစ်ပြည်လုံးအတိုင်း တာနဲ့ မကူညီနိုင်ရင်တောင် ကိုယ့်မြို့လေးမှာရှိတဲ့ မသန်စွမ်းသက်ကြီးတွေကိုတော့ ပြုစုစောင့်ရှောက် ရမယ်ဆိုတဲ့ စိတ်နဲ့လုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မန္တလေးမှာဆိုပေမယ့် လက်လှမ်းမီရာမြို့ရွာက သူတွေကိုလည်း စောင့်ရှောက်ပေးမှာပါ" ဟု ခန္တီရာမ ဆရာတော် ဦးလောကပါလက မိန့်ကြားသည်။

No comments: