Saturday, January 3, 2015

သုံးရောင်ခြယ်ဒေါင်းအလံ လွှင့်တင်သူကို ၂၀၁၀ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် အမှုဖွင့်ထား

ကျော်စိုးမိုး

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်တွင်ရှိသည့် ရန်ကုန်တိုင်းတရားလွှတ်တော်ရုံး အဆောက်အအုံပေါ်ရှိ အလံတိုင်တွင် ဇန်နဝါရီ ၁ ရက်က သုံးရောင်ခြယ်ဒေါင်းအလံ လွှင့်ထူခဲ့သူကို ကျောက်တံတားမြို့မရဲစခန်းတွင် အမှုဖွင့်ကာ စုံစမ်းနေသည်ဟု အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂ ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကိုပြောသည်။

"စခန်းမှာအမှုဖွင့်ထားပါတယ်၊ ကျူးလွန်သူက ဘယ်သူမှန်းတော့မသိသေးပါဘူး၊ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ " ဟုပြောသည်။

ကျူးလွန်သူကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ)၃/၂၀၁၅၊ ၂၀၁၀ ခုနှစ် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

၂၀၁၀ ခုနှစ် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဆိုသည်မှာ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ကို ချိုးဖောက်သူများအတွက် ကျခံရမည့် ပြစ်ဒဏ်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်သုံးနှစ်၊ ငွေဒဏ်အဖြစ် သုံးသိန်းချမှတ်နိုင်ပြီး ပြစ်ဒဏ်နှစ်ရပ်လုံးအဖြစ်လည်းချမှတ်နိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကိုပြောသည်။

"နိုင်ငံတော်အလံကိစ္စနဲ့ ညှိစွန်းတာမဟုတ်ဘဲ နိုင်ငံတော်အလံ ပုဒ်မတပ်ပြီး အမှုဖွင့်ထားတာမဖြစ်သင့် ဘူးထင်တယ်၊ နောက်ပြီး နှစ်ပေါင်းတစ်ရာ လောက်ရှိနေပြီဖြစ်တဲ့ အဆောက်အဦးပေါ်ကို သာမန်ပြည်သူတစ်ယောက်ကတော့ မတက်ရဲလောက်ဘူးလို့ယူဆရပါတယ်။ " ဟုပြောသည်။

၂၀၁၀ နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၃၊ ၁၄၊ ၁၅ ဆိုသည်မှာ နိုင်ငံတော်အလံကို နည်းလမ်းတစ်ခုခုဖြင့် ဏ်သိက္ခာ ညှိုနွမ်း ကျက်သရေမရှိအောင်ပြုလုပ်၊ လွှင့်ထူ၊ ရေးခြစ်ခြင်းစသည့် ပြစ်မှုများကို ကျူးလွန်သူများဖစ်ပြီး ယင်းသို့ပြုလုပ်ခဲ့ပါက ၂၀၁၀ နိုင်ငံတော်ဥပဒေပုဒ်မ ၁၆ ဖြင့်တရားစွဲဆိုနိုင်သည်ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

အဆိုပါသုံးရောင်ခြယ်ကဒေါင်းအလံလွှင့်ထူထားသည်ကို ဇန်န၀ါရီ ၁ ရက်မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပတ်ဝန်းကျင်မှ ပြည်သူများမြင်တွေ့ခဲ့ပြီး၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တိုင်းတရားလွှတ်တော်မှတာဝန်ရှိသူများက ပြန်လည်သိမ်းဆည်းခဲ့သည်။

No comments: