Sunday, January 25, 2015

တယ်လီနောက ပြင်ပမှောင်ခိုဈေးကွက် ပပျောက်စေရန် လစဉ် ဆင်းမ်ကတ် တစ်သန်းခွဲ ချပေးမည်

မောင်မန်း

တယ်လီနောမြန်မာ၏ ဆင်းမ်ကတ်များကို ပြင်ပမှောင်ခိုဈေးကွက်တွင် ကျပ် ၈,ဝဝဝ မှ ၂ဝ,ဝဝဝ အထိ ဈေးခေါ်ရောင်းချနေပြီး ယင်းကဲ့သို့ မှောင်ခိုဈေးကွက်များ ပပျောက်စေရန် လစဉ်ကတ်တစ်သန်းခွဲ ချထားပေးမည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

Mr. Petter Furberg က ''မှောင်ခိုဈေးကွက်မဖြစ်စေဖို့ လစဉ်ကတ်တစ်သန်းခွဲ ချပေးသွားပါမယ်။ ရန်ကုန်မှာ လိုင်းကျပ်မှာ စိုးတဲ့အတွက် ကတ်ချတာကို ထိန်းလိုက်တော့ နေပြည်တော်မှာ ချတဲ့ကတ်တွေကို ဒီကို သယ်လာပြီး ရောင်းကြတယ်။ ဒီကလူတွေကို ချီးကျူးပါတယ်'' ဟု ဈေးကွက်အခြေအနေနှင့် မှောင်ခိုဈေး ကွက် မဖြစ်စေရန် ဆောင်ရွက်သွားမည့်အစီအစဉ်ကို ပြောကြားသည်။

တယ်လီနောမြန်မာက လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီဒေသများရှိ မြို့များတွင် ကွန်ရက်ဝန်ဆောင်မှု စတင်ပေးနေပြီး ၂ဝ၁၅ ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ မြို့နယ်များ၏ ၅ဝ ရာခိုင်နှုန်း၌ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု Petter Furberg က ပြောသည်။

၎င်းက ''နောက်လဆိုရင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို ကွန်ရက်ချဲ့ထွင်သွားမှာပါ။ အရင်ဝန်ဆောင် မှုပေးထားတဲ့ နေရာတွေမှာလည်း ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်သွားပါမယ်''ဟု ဆိုသည်။

လက်ရှိအချိန်တွင် တယ်လီနောက ရန်ကုန်မြို့တွင် တာဝါတိုင် ၅၃၅ တိုင် တည်ဆောက်ကာ ကွန်ရက်ဝန် ဆောင်မှုပေးနေပြီး ရန်ကုန်အတွက် တာဝါ ၈ဝဝ ခန့်ရှိမှသာ လုံလောက်နိုင်မည်ဟု Petter Furberg က ခန့်မှန်းသည်။ တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် စုစုပေါင်း တာဝါ ၈ဝဝ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေသည်။

ဇန်နဝါရီ ၂၂ ရက်တွင် ပဲခူးမြို့နယ်တွင် ဝန်ဆောင်မှု စတင်ဖွင့်ပေးခဲ့ပြီး ဝန်ဆောင်မှုပေးသည့်မြို့များတွင် ကွန်ရက်ကောင်းမွန်မှုကို ရရှိနိုင်မည်ဟု Petter Furberg က ပြောသည်။

၎င်းက ''ကွန်ရက်ဝန်ဆောင်မှုရနေတဲ့ ဒေသတွေမှာ ဝန်ဆောင်မှုကောင်းတွေ ရနိုင်မှာပါ။ အဲဒီဒေသတွေ ကိုသွားတဲ့ အဝေးပြေးလမ်းတစ်လျှောက်မှာတော့ ဝန်ဆောင်မှုကို အာမ မခံနိုင်သေးပေမယ့် မကြာခင် အကောင်းဆုံးဖြစ်လာမှာပါ''ဟု ဆိုသည်။

တယ်လီနောမြန်မာ၏ အင်တာနက်ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန် ထိုင်းနိုင်ငံ နှင့် ချိတ်ဆက်ထားသည့် ဖိုက်ဘာဆက်ကြောင်းသစ်ကို ဖေဖော်ဝါရီလအတွင်း အပြီးသတ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည် ဟုလည်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

ယင်းဆက်ကြောင်းချိတ်ဆက်ပြီးပါက အင်တာနက်မြန်နှုန်း ပိုမိုမြန်ဆန်လာမည်ဟုလည်း ၄င်းက ပြော ကြားခဲ့သည်။

တယ်လီနောမြန်မာက ကွန်ရက်ဝန်ဆောင်မှုပေးနိုင်သည့် ပမာဏပေါ်မူတည်ပြီး ဆင်းမ်ကတ်ချထားပေး မှုကို ကန့်သတ်ခဲ့သဖြင့် ပြင်ပမှောင်ခိုဈေးကွက်တွင် ဝယ်လိုအားများပြားလာမှုကြောင့် ရန်ကုန်မှောင်ခိုဈေး ကွက်တွင် ကျပ် ၈,ဝဝဝ ခန့်အထိရှိခဲ့သည်။ မန္တလေးဈေးကွက်တွင်မူ တယ်လီနော ဆင်းမ်ကတ်တစ်ကတ် လျှင် ကျပ် ၂ဝ,ဝဝဝ ဝန်းကျင်အထိ ဈေးခေါ်ရောင်းချနေသည်။

ပြင်ပဈေးကွက်တွင် ဆင်းမ်ကတ်များကို သတင်းစာများမှတစ်ဆင့် တရားဝင်ကြော်ငြာပြီး မှောင်ခိုရောင်းချ နေသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိပေ။

No comments: