Sunday, January 25, 2015

ရန်ကုန်-မန္တလေး အမြန်လမ်း နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်ခများကို တစ်စတုရန်းပေလျှင် ၅,၀၀၀ ကျပ် သတ်မှတ်

သီဟကိုကို

ရန်ကုန်-အမြန်လမ်းမကြီး နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်ခ နှုန်းထားများကို တစ်နှစ်အတွက် တစ်စတုရန်းပေလျှင် ကျပ် ၅,၀၀၀ နှုန်းအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ သတ်မှတ်ခဲ့သည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ လမ်းနယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ ကြော်ငြာခွင့်ပြုခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မစမီ အချိန်တွင် ကြော်ငြာအသစ် စိုက်ထူလိုသော လုပ်ငန်းရှင်များသည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသို့ ကြိုတင် ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်သည်။

ကြေညာများစိုက်ထူရာတွင် ဆိုင်းဘုတ်တစ်ခုနှင့် တစ်ခု ပေ ၁,၀၀၀ အကွာအဝေးတွင် စိုက်ထူခွင့်ပြုထားပြီး ဆိုင်းဘုတ်အရွယ်အစားအဖြစ် (၃၀' ၁၅') နှင့် (၆၀' ၂၀') နှစ်မျိုးအနက် တစ်မျိုးကို ကြော်ငြာခွင့်ပြု ပေးထားသည်။

လက်ရှိ စိုက်ထူထားရှိသည့် ကြေညာဆိုင်းဘုတ် လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် သက်တမ်းတိုးလိုပါက ဆက်လက်စိုက်ထူခွင့် ပြုမည်ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားရှိပြီး ကြော်ငြာဆိုင်းဘုတ်များ ဆက်လက် စိုက်ထူခွင့်ရရှိရေးအတွက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသို့ လာရောက် ဆက်သွယ်ရမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နယ်နိမိတ်အတွင်းရှိ ယာဉ်ရပ်နားစခန်းများတွင် စိုက်ထူသည့် ကြော်ငြာများသည်လည်း သတ်မှတ်ထားသည့် အရွယ်အစားများအနက် တစ်မျိုးကို ကြော်ငြာခွင့်ပြုပေးမည်ဖြစ်ပြီး ကြော်ငြာ တစ်ခုနှင့် တစ်ခု အကွာအဝေးများကို လိုအပ်သည့် အကွာအဝေးအတိုင်း သတ်မှတ်စိုက်ထူခွင့် ပေးမည်ဖြစ်သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို လမ်းနယ်နိမိတ် အကျယ် ၄၀၀ ပေအဖြစ် သတ်မှတ်ထားပြီး လမ်းမိုင်အရှည် ၃၃၆ မိုင် ၃ ဖာလုံ ရှိကာ မြို့နယ်ပေါင်း ၂၂ မြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာ အဆင့်မီလမ်းမကြီးအဖြစ် အကောင်အထည်ဖော် အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံဆောင်ရွက်မည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသည်။

No comments: