ယုဝေ
ကယားပြည်နယ် ဖရူးဆိုမြို့နယ် ဆိုလျားကူးကျေးရွာသား ငါး ဦးကို ခမရ ၅၃၁ စစ်တပ်က တရားစွဲ ဆိုထားသည့် အမှုကို ဇန်နဝါရီလ ၁၄ ရက်တွင် အမိန့်ချမှတ်မည်ဟု တရားစွဲဆိုခံရမှုတွင် ပါဝင်သည့် ခိုးလျေဆိုတောင်သူ လယ်သမား ကော်မတီ ဥက္ကဋ္ဌ ဦးသဲရယ်က မဇ္ဈိမကို ပြောသည်။
သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေပေါ်တွင် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က လူအင်အား ၃၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သဖြင့် ခမရ ၅၃၁ စစ်တပ်က ထွန်တုံးတိုက်ပွဲဦးဆောင်သူများ
ဖြစ်သည့် ခိုးလျေဆို တောင်သူ လယ်သမား ကော်မတီ ဥက္ကဋ္ဌ ဦးသဲရယ်၊ ဒေသခံတောင်သူ ဦးတူရယ်၊ ဦးရှားရယ်၊ ဦးမီရယ်နှင့် ဆူရယ်တို့ကိုပိုင်နက်ကျူးလွန်မှုဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဦးသဲရယ်က “အမိန့်ချမှတ်တဲ့အခါ တရားမျှမျှတတပဲ ဖြစ်စေချင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ တကယ်လို့ ချမှတ်တဲ့အမိန့်က တရားမျှတမှုမရှိဘူးလို့ ထင်ရင် အယူခံ ဆက်တက်သွားမယ်။ တရားဥပဒေ ဘောင်အတွင်းက လုပ်လို့ရသမျှကို လုပ်သွားမယ်”ဟု ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ ရုံးချိန်း ၁၂ ချိန်းခန့် တက်ခဲ့ရောက်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်သည်။
လယ်သမား ၁၀၉ ဦးပိုင်ဆိုင်သည့် လယ် ၁၂၈၉ ဧကကို ၁၉၉၃ ခုနှစ်ကပင် တောင်သူများကို အသိမပေးဘဲ ခမရ (၅၃၁)က သိမ်းယူထားခြင်းဖြစ်သည်ဟု တောင်သူများက ဆိုသည်။
တရားစွဲဆိုခံရသူများတွင် ပါဝင်သည့် ကိုတူရယ်က “ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိုအကူအညီတောင်း ဒီအကူအညီတောင်း လုပ်တော့ အငြိုးနဲ့ တရားစွဲတယ်လို့ ထင်ပါတယ်။ တရားမျှတမှုကတော့ အသိမ်းခံရကတည်းက မရှိတာပါ။ အကူအညီတောင်းခံထားတဲ့ သူတွေကလည်း တိုက်ရိုက်ကူညီတာမျိုး မရှိကြပါဘူး”ဟု ပြောသည်။
စစ်တပ်မှ အကျယ် ၄ ပေ၊ အနက် ၄ ပေခန့်ရှိ တူးမြောင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၉ ရက်က လယ်သိမ်းခံမြေပေါ်တွင် တူးဖော်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လယ်သိမ်းခံတောင်သူများသည် ဘိုးဘွားပိုင်သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရန် ၂၀၁၄ ခုနှစ် မေ၂၀ ရက် ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဖြေရှင်းပေးရန် အကူအညီတောင်းခံစာများ ပေးပြို့ခင်း၊ ၂၀၁၄ ခုနှစ် မေ ၂၅ ရက်တွင် လူဦးရေ ၄၀၀ ခန့်ဖြင့် လယ်ယာမြေပြန်လည်ရရှိရန် ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခြင်း၊ ၂၀၁၄ခုနှစ် မေ၂၇ ရက်က လူအင်အား ၃၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံ အကူအညီတောင်းခံခြင်းတို့ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိဟု တောင်သူများက ဆိုသည်။
ယင်းကဲ့သို့ တရားစွဲဆိုခံရမှုအပေါ်ကို ဆိုလျားကူးကျေးရွာရှိ လယ်သိမ်းခံတောင်သူ ၂၀၀ ခန့်က ၎င်းတို့ကိုပါ အတူတူ တရားစွဲဆိုရန်ကိုလည်း ၂၀၁၄ခုနှစ် ဇွန် ၂၅ ရက် ရက်စွဲဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ်ရုံးသို့ လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ဖူးသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် "ဘယ်မှာလဲ စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်" အမည်ရှိ အစီရင်ခံစာတွင် ဆိုလျားကူးကျေးရွာ တောင်သူများလယ် သိမ်းဆည်းခံရမှုဖြစ်စဉ်အား ဖော်ပြပြီး ကရင်နီပြည်လူထုကို အကျပ်အတည်းဖြစ်စေသည့် စစ်တပ်နှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများမှ သိမ်းဆည်းထားသော ဘိုးဘွားပိုင်စိုက်ပျိုးမြေများကို လူထုတောင်းဆိုသည့် အတိုင်းအမြန်ဆုံးပြန်လည် ပေးအပ်သွားရမည်ဟု တောင်းဆိုထားသည်။
No comments:
Post a Comment