Sunday, January 25, 2015

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အစိုးရမှန်းထားသည်ထက် ကျော်လွန်

ကျော်ဆုမွန်

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) က လျှင်မြန်စွာ ဆက်လက်တိုးတက်နေပြီး လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ ၉ လပိုင်း အတွင်းတွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကျော်အထိ ရောက်ရှိလာသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၄ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံက အမေရိကန် ဒေါ်လာ ၆.၆၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခုဘဏ္ဍာရေးနှစ်အတွက် ကြိုတင်ခန့်မှန်းထားခဲ့သည့် ဒေါ်လာ ၄ ဘီလီယံနှင့် ၅ ဘီလီယံ ကြား ပမာဏထက် များစွာကျော်လွန်ခဲ့ကာ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၃.၅ ဘီလီယံ၏ ၂ ဆနီးပါး ဖြစ်လာသည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ တ၀က်ကျော်ကို စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရှိသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဲ့သို့ စိတ်ချသေချာသည့် ရင်းနှီး မြှုပ်နှံမှုများ နှင့် အလှမ်းကွာသည့် ပြည်တွင်း စီမံကိန်းများတွင်ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ၏ ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက နိုင်ငံတကာကုမ္ပဏီကြီး အမြောက်အမြားက ၎င်းတို့၏ စင်ကာပူရုံးများမှတဆင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြသည်ဟုပြောသည်။

“ကျနော် သိသလောက်ဆိုရင် FDI စာရင်းမှာ တရုတ်နိုင်ငံက ထိပ်ပိုင်းနေရာတွေမှာ ရှိနေတုန်းပါပဲ။ စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေက စာရင်းထိပ်ပိုင်းကို ရယူနေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတခုထဲ မဟုတ်ပါဘူး။ နိုင်ငံတကာ ကုမ္ပဏီ အများစုက အဲဒီမှာ အခြေစိုက်ကြပါတယ်” ဟု သူကဆိုသည်။

စင်ကာပူနိုင်ငံမှ တဆင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားစွာ ၀င်ရောက်လာနေခြင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချမှတ် ထားသော စီးပွားရေးဒဏ်ခတ်အရေးယူမှုများ ကျန်ရှိနေခြင်းကို ရှောင်လွှဲနိုင်ရန် အားထုတ်ခြင်းကြောင့် တစိတ်တပိုင်းဖြစ် သည်ဆိုသော ယူဆချက်များကို ဒေါက်တာမောင်မောင်လေးက ငြင်းဆန်လိုက်သည်။

“အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုကြောင့် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေထဲမှာ အမေရိကန် အစိုးရက ဒဏ်ခတ်အရေး ယူမှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းမှာ အမေရိ ကန်နဲ့ ဥရောပ ကုမ္ပဏီ အမြောက်အမြား လာရောက်ရင်းနှီးမြှုပ်နှံကြလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

အစိုးရက ကြိုတင်မျှော်လင့်ထားသည့် အတိုင်းပင် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍက ရင်းနှီးမြှုပ်နှံမှု စာ ရင်း၏ ထိပ်တွင်ရှိနေပြီး စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိသည်။ ၎င်း၏ နောက်တွင် ကုန်ထုတ်လုပ်ငန်း ရှိနေသည်။ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းများက လုပ်ငန်းများတိုးချဲ့လာသည့်အတွက် ခရီးသွားလုပ်ငန်း ကဏ္ဍက တတိယနေရာတွင် ရှိနေသည်။

နိုင်ငံခြာကုမ္ပဏီကြီး အမြောက်အများက ပြည်တွင်းဈေးကွက်တွင် လုပ်ငန်းများချဲ့ထွင်ရန် ပြင်ဆင်နေကြသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်အားကောင်းနေဖွယ်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။

“ရင်းနှီးမြှုပ်နှံသူ အချို့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်ဆိုင်းနေကြဆဲဖြစ်ပေမယ့် တချို့ကတော့ ၀င်ရောက် လာနေကြပါပြီ။ ဥပမာ Nestle၊ Coca-Cola၊ Unilever နဲ့ Pepsi တို့ ဖြစ်ပါတယ်။ တခြား နိုင်ငံစုံ ကုမ္ပဏီကြီး တွေကတော့ လေ့လာဆန်းစစ်မှုတွေ လုပ်နေကြပါတယ်” ဟု သူကပြောသည်။

Parami Energy ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ဦးပြည့်ဝထွန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်းမှ အလားအလာ ကောင်းများကို ဖော်ထုတ်နိုင်ရေးကို ပိုမိုဦးတည်ရန် လိုအပ်နေကြောင်း သတိပေးလိုက်သည်။

“ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးပေးပါမယ်လို့ ပြောတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ အဆိုပြုမှု အားလုံးနီးပါးကို အစိုးရက အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားရမှာက ဒီရင်းနှီးမြှုပ်နှံမှုတွေကနေ ကျနော်တို့တိုင်းပြည်က အကျိုးအမြတ်ရရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ။ ဒီရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပါမယ်လို့ ကတိပြုနေမယ့် အစား ပြည်တွင်းက အသေးစားနဲ့ အငယ်စား လုပ်ငန်းတွေနဲ့ အတူ အလုပ်လုပ်သင့်ပါတယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရရှိသည့် စာရင်းအချက်အလက်များအရ သိသာများပြားသည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံ သူများမှာ အင်္ဂလန် (အမေရိကန်ဒေါ်လာ ၅၆၃ သန်း)၊ ဟောင်ကောင် (အမေရိကန်ဒေါ်လာ ၄၅၅သန်း)၊ နယ်သာလန် နိုင်ငံ (အမေရိကန်ဒေါ်လာ ၃၀၂ သန်း)၊ တရုတ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၂၅၆ သန်း)၊ အိန္ဒိယ နိုင်ငံ (အမေရိကန်ဒေါ်လာ ၂၀၈ သန်း) နှင့် တောင်ကိုရီးယားနိုင်ငံ (အမေရိကန်ဒေါ်လာ ၁၅၀ သန်း) အခြေစိုက် ကုမ္ပဏီများဖြစ်ကြသည်။

No comments: