Thursday, January 1, 2015

အင်းလေးကန်စပ် ဟိုတယ် မီးလောင်မှု ဘန်ဂလို ၁၂ လုံးမီးလောင်

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အစပ်ရှိ Innle Princess Resort Hotel ဒီဇင်ဘာ ၂၉ ရက် ည ၉ နာရီ ၁၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘန်ဂလို ၁၂ လုံး မီးလောင်ပျက်ဆီးခဲ့ရသည်ဟု ဟိုတယ်က ထုတ်ပြန်ထားသည်။

ညောင်ရွှေမြို့၊ တောင်ခြေမြင်းစခန်း ကျေးရွာအုပ်စု၊ မန်ကျဉ်းပင်ကျေးရွာအနီးရှိ ယင်းဟိုတယ်၏ အဆောင်အမှတ် ၃၀၇ အခန်းတွင် တပ်ဆင်ထားသည့် လျှပ်စစ်ခြင်ပြေးစက်မှ တစ်ဆင့် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ညောင်ရွှေမြို့နယ် ရဲစခန်းက ရဲအရာရှိက အတည်ပြုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် Innle Princess Resort Hotel အတွင်းရှိ အဆောင်အမှတ် ၃၀၃ မှ ၃၁၂ ထိ ပေ၂၀ ပတ်လည်ရှိ အိပ်ခန်း ပျဉ်ခင်း၊ ပျဉ်ကာ သက်ကယ်မိုး အဆောင် ၁၂ လုံး ကူးစက်လောင်ကျွမ်းခဲ့သည်ပြီး အခြား အဆောင်များကိုမူ ကူးစက်လောင်ကျွမ်းခြင်း မရှိဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ငါးစီး၊ မီးသတ်စက်လှေ ၁၀စီး၊ လူအင်အား ၄၀၀ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရပြီ ည ၁၀ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့သည်ဟု ညောင်ရွှေမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

မီးလောင်သည့် အဆောင်များတွင် တည်းခိုနေထိုင်နေကြသည့် နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်တို့၏ဆုံးရှုံးသည့် ပစ္စည်းတန်ဖိုးကို တွက်ချက်စစ်ဆေးနေဆဲဖြစ်ပြီး လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရသူမရှိ ကြောင်းရဲစခန်းက ထုတ်ပြန်သည်။

"မီးလောင်ကျွမ်းမှု အတွက် ကျွန်မတို့ တကယ်ဝမ်းနည်းရပါတယ်၊ ဒါပေမယ့် ဧည့်သည်တွေရော ဝန်ထမ်းတွေပါ ထိခိုက်ဒဏ်ရာမရတဲ့ အတွက် စိတ်သက်သာရပါတယ်”ဟု Innle Princess Resort Hotel ၏ မန်နေဂျင်းဒါရိုက်တာ မယဉ်မျိုးစု က ပြောသည်။

လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု မရှိသည့် ဘန်ဂလိုများဖြင့် ၎င်းတို့၏ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက် ရှိကြောင်း ဟိုတယ်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး ဟိုတယ်မန်နေဂျာ ကိုသက်ထွန်းအောင်နှင့် ဟိုတယ်တွင်း တည်းခိုနေထိုင်သူအား ညောင်ရွှေမြို့မရဲစခန်းမှ (ပ)၅၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

No comments: