သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ မန့်ဝိန်းကြီး ရွာမှ တရုတ်နိုင်ငံ ဘက်သို့ မှောင်ခို ကျွဲနွားများ နေ့စဉ်အ ကောင်ရေ ၅၀၀ ထက်မနဲ ပို့ဆောင် ရောင်းချ နေကြောင်း ဒေသတွင်း သတင်းရပ်ကွက်မှ စုံစမ်း သိရှိရသည်။
၎င်းမှောင်ခိုကျွဲနွားများနေ့စဉ်တင်ပို့ ရောင်းချမှုကြောင့် တရုတ်ပြည်အသွားလမ်းတလျှောက်ရှိ ဒေသခံများ၏ စိုက်ခင်းလယ်ယာခြံမြေများ၊သီးနှံနှင့်စပါးခင်းများထိခိုက်မှုရှိသကဲ့သို့ လမ်းများလည်း ပျက်စီးကြောင်း မန့်ဝိန်း ရွာသား ဦးဘရန်ဆိုင်း ကဆိုသည်။
“တရုတ်ပြည်ပို့ဖို့အတွက် ကျနော်တို့ရွာမှာဆိုရင် ရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဆီမှာ ပိုက်ဆံပေးသွင်းရတယ်လို့ ကြားနေရတယ်” ဟု ၄င်းကပြောသည်။
မှာင်ခိုကျွဲနွားများကို ပို့ဆောင်ရောင်းချရာတွင် တရုတ်ပြည် ပန်ခမ်းရွာကူးတို့ဆိပ်နှင့် ခမ်းပန်းရွာကူးတို့ဆိပ် တို့မှ ကူးဖြတ်ရကြောင်း မန့်ဟွေ့ရွာသား စိုင်းအိုက် ကဆိုသည်။
“တဘက်နိုင်ငံဘက် ကျွဲနွားတင်ပို့တာများလွန်းလို့လေ ထိခိုက်ပျက်စီးရတဲ့ရွာတွေကတော့ ကျနော်တို့ရွာအပြင် မန့်မိုင်၊မန့်မွမ်း၊မန့်ဝိန်း၊နောင်လုတ်၊နောင်စွမ်း၊နောင်မွန်း၊နမ့်ဟီး နဲ့ ဆွန်ခါး တွေလည်းပါတယ်။” ဟု ၄င်းက သျှမ်းသံတော်အား ပြောသည်။
တရုတ်နိုင်ငံသို့ မှောင်ခိုကျွဲနွားများပို့ဆောင်ရောင်းချပြီးအပြန်လမ်းတွင် ကချင်လွတ်လပ်ရေးတပ် မတော် KIA စစ်တပ်မှ စောင့်ကြပ်စစ်ဆေးသည်ဟုဆိုပါသည်။
ကျွဲနွားကုန်သည်များအား ဆီးစစ်ပြီး ဆီးစစ်ချက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု တွေ့ရလျှင် တစ်ဦးကျပ်ငွေ ၅ သိန်း ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးသည်ဟုလည်း ဒေသခံများကြားတီးတိုးပြောဆိုနေပါသည်။ သို့သော် ၄င်းနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ အတည်နိုင်ခြင်းမရှိ သေးပါ။
ထိုနယ်မြေသည် ကချင်လွတ်လပ်ရေးတပ် မတော် KIA စစ်တပ်၏ တပ်မဟာ(၃)ထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး၊ မှောင်ခိုကျွဲနွားကုန်သည် များမှာ အညာသားများ ဖြစ်ကြကြောင်း ဒေသခံများထံ မှသိရှိ ရသည်။

No comments:
Post a Comment