ခင်မြတ်မြတ်ဝေ
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမှု ရက် ၆၀ အလွန် လှုပ်ရှားမှုကို ထားဝယ်မြို့ ကျောင်းသား သမဂ္ဂမှ ကျောင်းသားများက ဇန်နဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ မြို့တွင်း၌ လေးရက်ဆန္ဒပြရန် ထားဝယ်မြို့နယ် ရဲစခန်းက ၂၂ ရက် နံနက်က ခွင့်ပြုပေးလိုက်ပြီဟု ကျောင်းသားသပိတ် ခေါင်းဆောင် နည်းပညာတက္ကသိုလ်မှ ကိုမင်းလွင်က မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့ ဆန္ဒပြတော့ ၂၁ရက်နေ့ ညနေက ခွင့်ပြုမိန့်သွားတင်တယ်။ ခွင့်ပြုမိန့်ပေးမယ်၊ ကျောင်းတွေမှာ သက်ဆိုင်ရာက ခွင့်ပြုမိန့် မရဘဲ မဝင်နဲ့။ ကတိပေးနိုင်ရင် ခွင့်ပြုမိန့် ချက်ချင်းထုတ်ပေးမယ် ဆိုလို့ ခွင့်ပြုမိန့်မယူတော့ဘူး။ ပြန်လာခဲ့တယ်။ ဒီနေ့မနက် တစ်ခါ ခွင့်ပြုမိန့်ပေးမယ် ဆိုလို့ ဒီမနက်ကပဲ ခွင့်ပြုမိန့် ရဲစခန်းကို သွားယူခဲ့တယ်" ဟု ၎င်းက ပြောသည်။
ယင်းအပြင် ထားဝယ်သပိတ် စစ်ကြောင်းသည် ထားဝယ်မြို့ ကွန်ပျူတာတက္ကသိုလ်အတွင်း ဇန်နဝါရီ ၂၂ရက်က ထိုင်သပိတ် ဆင်နွဲခဲ့သေးသည်။ ထားဝယ် တက္ကသိုလ်ပေါင်းစုံမှ သပိတ်မှောက် ကျောင်းသားများသည် ထားဝယ်မြို့ အရိုးဆေးကန် ဘုန်းကြီးကျာင်းတွင် တည်းခိုရန် စီစဉ်ထားသော်လည်း အာဏာပိုင်များက ကျောင်းထိုင်ဆရာတော်ထံ ဖိအားပေးခြင်းများ ရှိ၍ ၂၂ရက် တစ်ည တည်းခိုကာ အခြားနေ့များတွင် နေရာရွှေ့ရန် စီစဉ်ထားသည်။
ဇန်နဝါရီ ၂၃ရက်တွင် ထားဝယ်မြို့တွင် ဒေသခံများက လျှပ်စစ်မီးကိစ္စ ဆန္ဒပြရန် ရှိသဖြင့် ကျောင်းသားများက သပိတ်မှောက် ဆန္ဒပြခြင်းကို တစ်ရက်နားကာ ၂၄ရက်တွင် ထားဝယ်မြို့အတွင်း လှည့်လည်ဆန္ဒပြသွားမည်ဟု ကိုမင်းလွင်က ပြောသည်။
ထားဝယ်မြို့အတွင်း ဆန္ဒပြမည့် လေးရက်အတွင်း ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်း၊ ကရပ်ပြည်လမ်းဆုံနှင့် ထားဝယ်မြို့အတွင်း လှည့်လည်ဆန္ဒပြကာ ရန်ကုန်မြို့သို့ ကားဖြင့် ချီတက်ကာ ရန်ကုန်တွင် အနယ်နယ်အရပ်ရပ် မှ ကျောင်းသားသပိတ်များနှင့် ပေါင်းစည်းမည်ဖြစ်သည်။
No comments:
Post a Comment