Friday, January 2, 2015

နှစ်သစ်ကူးည မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဓားထိုးမှုသုံးမှုဖြစ်ပွား

ကျော်စိုးမိုး

ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးညတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဓားထိုးမှုသုံးမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိသည်ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာ ၃၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး မျှော်စင်ကျွန်းအတွင်းပြုလုပ်ခဲ့သည့် ရှိုးပွဲတွင် ည ၉ နာရီက တစ်ကြိမ်၊ ၉ နာရီခွဲခန့်က တစ်ကြိမ် ဓားထိုးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ၉ တန်း ကျောင်းသားတစ်ဦးနှင့် အသက် ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင်အဆိုပါနေ့ ည ၁၁ နာရီခွဲခန့်က မင်္ဂလာဈေးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ကလပ်တစ်ခုတွင် အသက် ၂၀ ၀န်းကျင်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရသဖြင့် လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက "ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့အတွက် စစ်ဆေး ဆောင်ရွက်နေပါတယ်" ဟုပြောသည်။ အဆိုပါဓားထိုးခံရမှုဖြစ်စဉ်များအတွက် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ပြီး၊ ဓားထိုးခံရသူသုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာများ အဖြစ် တက်ရောက်ကုသမှုခံယူနေရသည်ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးညတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းနှင့် မင်္ဂလာဈေးဝင်းအတွင်းတွင် မူးယစ်ရမ်းကားမှု၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း ဖြစ်ပွားခဲ့သေးသည်။

No comments: