Tuesday, January 6, 2015

တစ်ယောက်တည်းနေသည့် သက်ကြီးရွယ်အိုများ မှုခင်း မဖြစ်ရန် ပတ်ဝန်းကျင်မှ ကူညီစောင့်ရှောက်ရန် လိုအပ်

ကျော်စိုးမိုး

နေအိမ်တွင် တစ်ယောက်တည်းနေထိုင်သည့် အသက်အရွယ်ကြီးသူများ အမှုအခင်းများ ဖြစ်ပွားမှု မရှိစေရန်အတွက် ၎င်း၏ဆွေမျိုးများအပြင် ပတ်ဝန်းကျင်တွင် နေထိုင်သူများကလည်း ကူညီစောင့်ရှောက်ပေးရန်နှင့် ထူးခြားမှု တစ်စုံတစ်ရာရှိပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားသင့်သည်ဟု ရန်ကုန်အနောက်ပိုင်း ခရိုင်မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ဇန်န၀ါရီ ၄ ရက်တွင် မဇ္ဈိကို ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း သာကေတမြို့နယ်၌ နေအိမ်တွင်ဆေးခန်းဖွင့်ပြီး တစ်ဦးတည်းနေထိုင်သည့် အသက် ၅၇ နှစ် အရွယ် ဆရာဝန်အမျိုးသားတစ်ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၇၀ ခန့် အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး အသတ်ခံခဲ့ရပြီး၊ ပုဇွန်တောင်မြို့နယ်တွင် အသက် ၆၂ နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦးမှာ ပုပ်ပွသေဆုံး လျက်ရှိနေသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အဆိုပါအမှုများသည် တစ်ဦးတည်းနေ ထိုင်သည့်သူများ၊ နေအိမ်တွင် တစ်ဦးတည်းရှိသည့် အချိန်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီး ဝင်းကြည်က “ပြည်သူတွေကလည်း ကိုယ့်အိမ်နားဝန်းကျင်မှာ တစ်ယောက်တည်းနေထိုင်တဲ့ သက်ကြီးအိမ်တွေရှိရင် ကြည့်ရှုစောင့်ရှောက်ပြီး မသင်္ကာတာ တစ်ခုခုတွေ့ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးစေချင်ပါတယ်” ဟု ပြောသည်။

သက်ကြီးရွယ်အိုများကို အိမ်တွင် တစ်ဦးတည်းထားပါက အမှုအခင်းများ ဖြစ်နိုင်သကဲ့သို့ ၎င်းတို့၏ ရောဂါ အခြေအနေ၊ သတိမေ့တတ်ခြင်းများကြောင့် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်ဟုလည်း ၎င်းကဆိုသည်။

“ငယ်ရွယ်တဲ့သူတွေက အပြင်ထွက် အလုပ်လုပ်နေရတော့ အိမ်မှာကျန်ခဲ့တာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေများပါတယ်။ ဒီတော့ ပြစ်မှုကျူးလွန်ချင်တဲ့ သူတွေအတွက် အလွယ်တကူ ဖြစ်စေတာပါ။ ဖြစ်တဲ့ အချိန်တွေဆိုလည်း ညပိုင်းမဟုတ်ဘဲ နေ့ခင်း ဘက်တွေများလာတာ မကောင်းပါဘူး။

နေရတာမလုံခြုံဘူးလို့ ခံစားရပါတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်က သာကေတမြို့နယ်၊ ၂/ မြောက်ရပ်ကွက်၊ ဇင်္ဂမလမ်းပေါ်ရှိ နေအိမ်တွင် ဆေးခန်းဖွင့်ပြီး တစ်ဦးတည်း နေထိုင်သည့် အသက် ၅၇ နှစ် အရွယ် ဆရာဝန်အမျိုးသားတစ်ဦး နေအိမ် တွင်အ၀တ်မပါဘဲ မျက်နှာတွင်ထိုးကြိတ် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်ဟု သာကေတမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ဇန်န၀ါရီ ၄ ရက်က မဇ္ဈိမကို ပြောသည်။

ထို့အတူ ၂၀၁၅၊ ဇန်န၀ါရီ ၃ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ ၁၂၃ လမ်းတွင် နေထိုင်သည့် အသက် ၇၀ အရွယ် အဘွားတစ်ဦး နေအိမ်အတွင်း လက်နှစ်ဖက်ကြိုးတုပ်ပြီး ပါးစပ်တွင် အဝတ်ဆို့၊ ဦးခေါင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာဖြင့်သေဆုံးနေ ကာ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

No comments: