ဟိန်းကိုစိုး
ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ထိုးမည် မထိုးမည်ကို ယခု ဇန်နဝါရီလအတွင်း ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ အစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်ဟု အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က ဇန်န၀ါရီ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်အတွက် လတ်မှတ်ကို ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) တွင်ရေးထိုးရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဗိုလ်ရှုခံသို့ တက်ရောက် ရန်လာသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ဇန်န၀ါရီ ၃ရက်က ညစာနှင့် တည်ခင်းစဉ် ကမ်းလှမ်းခဲ့သည် ဟု လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။
NCCT အဖွဲ့ဝင်တစ်ဦးက "လက်မှတ်ထိုးဖို့အပေါ် တိုင်းရင်းသားတွေက အမြင်အမျိုးမျိုးရှိနေကြတယ်၊ အခုစာချုပ်မှာ ဖက်ဒရယ် တပ်မတော်အပြင် တစ်ခြားအချက်တွေကလည်း ထပ်ညှိုရဦးမယ်၊ တချို့ အချက်တွေကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆက်သွားလို့ရတာလည်းရှိပါတယ်"ဟု ဆိုသည်။
ဇန်န၀ါရီလ အတွင်းပြုလုပ်မည့် NCCT အစည်းအဝေးအချိန်နှင့် နေရာတို့ကို သတ်မှတ်ထားခြင်း မရှိသေးပေ။ ယင်းအစည်းအဝေး ပြီးနောက် NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့ (UPWC) တို့ အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။
ဗိုလ်ရှုခံသဘင်သို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့တို့သည် ဇန်နဝါရီလ ၅ရက်တွင် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံကာ ပြည်လုံးကျွတ်ငြိမ်းချမ်းရေး အခြေ အနေများကို ထပ်မံဆွေး နွေးမည်ဖြစ်ပြီး၊ ပြည်ထောင်စုနေ့ လတ်မှတ်ရေး ထိုးရေး အပေါ်တွင်လည်း ဆွေးနွေးကြမည်ဟု နေပြည်တော်ရောက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထံက သိရသည်။
နေပြည်တော်ရောက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဒေါ်စောမြရာဇာလင်း က"မနက်ဖြန် (ဇန်နဝါရီ ၅ ရက်) ကို ရတဲ့ အချိန်တစ်နာရီခွဲမှာ တစ်ဦးခြင်းစီမပြောတော့ဘဲ၊ အားလုံးအစား ခေါင်းဆောင် တစ်ယောက် တည်းကပဲ ထပြောနိုင်တယ်၊ ထိထိရောက်ရောက်ေ ပြာနိုင်ဖို့အတွက် စီစဉ်ထားတယ်"ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင် ၁၄ဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး ပဏာမ လက်မှတ်ရေးထိုး ထားသည်။
No comments:
Post a Comment