Tuesday, January 27, 2015

အူရီးဒူးက Viber အသုံးပြုမှုအတွက် တစ်ပတ်စာနှင့် တစ်လစာ ၀န်ဆောင်မှုအစီအစဉ်များ မိတ်ဆက်

မောင်မန်း

ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေ တာဝန်ဆောင်မှုများ ပေးနေသည့် အူရီးဒူး မြန်မာက Viber အသုံးပြုပြီး စာတို စတစ်ကာ ပေးပို့ခြင်းများအတွက် တစ်ပတ်စာနှင့် တစ်လစာ ဝန်ဆောင်မှု အစီအစဉ် သစ်များကို စတင်မိတ်ဆက်ပြီးဖြစ်သည်ဟု ဇန်နဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အူရီးဒူးမြန်မာ၏ အကြီးတန်း ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ''အသုံးပြုသူ တွေရဲ့ အသံကို နားထောင်နေပါတယ်။ ပြည်တွင်းမှာ လူသုံးများနေတဲ့ Viber အတွက် ဝန်ဆောင်မှု အစီအစဉ်တွေကို ဈေးသက်သက်သာသာနဲ့ သုံးနိုင်အောင် လုပ်ပေးထားပါတယ်'' ဟု အသစ် ထပ်မံဝန်ဆောင်မှုပေးသည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပြောသည်။ အူရီးဒူးက Viber အသုံးပြုခြင်း အတွက် တစ်ပတ်လျှင် 35MB အသုံးပြုနိုင်မည့် ဝန်ဆောင်မှုကို ကျပ် ၃ဝဝ ဖြင့် ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး တစ်လစာ 150MB အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအတွက် ကျပ် ၁,ဝဝဝ ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝန်ဆောင်မှုများအနက် တစ်ပတ်စာနှင့် တစ်လစာဝန် ဆောင်မှုများ၌ မက်ဆေ့ခ်ျ၊ ဓာတ်ပုံနှင့် စတစ်ကာများပို့ရန် အသုံးပြုနိုင်ပြီး 150MB ဖုန်းခေါ်ဆိုမှု မပါဝင်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဝန်ဆောင်မှုအစီအစဉ်များကို ရယူလိုပါက MyOoredoo မိုဘိုင်း App မှတစ်ဆင့် သို့မဟုတ် *133# ကို ခေါ်ဆိုပြီး ညွှန်ကြားချက်အတိုင်း ရယူဆောင်ရွက်နိုင်မည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင်၂၃၃၈ သို့ မက်ဆေ့ခ်ျပို့၍ တစ်ပတ်စာဝန်ဆောင်မှု ရယူလိုပါက ViberW ဟု မက်ဆေ့ခ်ျ ပေးပို့ရမည်ဖြစ်ပြီး တစ်လစာ ဝန်ဆောင်မှု ရယူလိုပါက ViberM စာတို ပေးပို့၍လည်း ရယူနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူရီးဒူး၏ ဝန်ဆောင်မှုအစီအစဉ်တွင် Viber ခေါ်ဆိုမှု မပါဝင်သည့်အတွက် Viber အသုံးပြုသူတစ်ဦးက ''မက်ဆေ့ခ်ျနဲ့ ဓာတ်ပုံတွေပဲ ပို့လို့ရတယ်ဆိုတော့ ဈေးသက်သာပေမယ့် အဆင်မပြေဘူး။ ခေါ်ဆိုမှုပါမယ် ဆိုရင် ပိုကောင်းမယ်'' ဟု ဝေဖန်ပြောသည်။

ကမ္ဘာပေါ်၌ Viber ကို တရားဝင်မှတ်ပုံ တင်ထားပြီးသူ ၆ဝ၈ သန်းကျော်ရှိသည်ဟု Viber က သတင်းထုတ် ပြန်ထားသည်။

No comments: