Thursday, November 17, 2016

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောကြောင့် ဘူးသီးတောင်တွင် ဒုက္ခသည်များတိုးလာ

စိုးသူအောင်

ရခိုင်ပြည်နယ်၊ မောင်တော မြောက်ပိုင်းတွင်ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်သို့ စစ်ရှောင်လာသူ ဒုက္ခသည်များတိုးလာသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေကပြောဆိုလိုက်သည်။

မောင်တော မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်ဖြစ်နေတဲ့အတွက် ဒေသခံတချို့ ဘူးသီးတောင်မြို့သို့ တိမ်းရှောင်လာခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့နံနက်ထိ မိသားစု ၁၀ စု၊ လူဦးရေ ၃၆ ဦး ရောက်ရှိလာခြင်းဖြစ်သည်။

ပထမအကြိမ် ရောက်ရှိနေသည့် မိသားစု ၃၆ စုမှ လူဦးရေ ၁၀၉ ယောက်ရှိပြီး အချို့က နေရပ်ကို လုံးဝမပြန်တော့ဘူးဟု သိရသည်။

“အဓိက ကတော့ တိုက်ပွဲဖြစ်နေတဲ့ အောင်မင်္ဂလာရယ် အဲ့ဒီ့နားကပဲအကုန်လုံး" ဟု ဦးအောင်သောင်းရွှေကဆိုသည်။

ဘူးသီးတောင်မြို့ရှိ သုဓမ္မာရုံကျောင်းတွင် ယာယီနေရာလုပ်ပေးထားပြီး လူဦးရေထပ်များလာပါက နေထိုင်ရန် နှင့် ကျန်းမာသန့်ရှင်းရေးကိစ္စ အခက်အခဲဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

“ဌာနဆိုင်ရာအနေနဲ့ ဘာမှလုပ်ပေးတာမရှိသေးဘူး အစိုးရအနေနဲ့ ဘာမှလုပ်ပေးတာမရှိသေးဘူး"ဟု ဘူးသီးတောင်သို့ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်အမတ်က ပြောဆိုသည်။

တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ဘူးသီးတောင်သို့ စစ်ရှောင်ပြည်သူများ ထပ်မံရောက်ရှိလာနိုင်သေးကြောင်း ဦးအောင်သောင်းရွှေက ခန့်မှန်းပြောဆိုသည်။

အစိုးရဘက်မှ ယခင်က ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများကို နယ်မြေအေးချမ်းမှုမရှိသေးဘဲ နယ်မြေအေးချမ်း သွားပြီးဖြစ်ကြောင်း လုံခြုံမှုပေးနိုင်ကြောင်း ပြောဆိုသောကြောင့် မောင်တောသို့ ပြန်သွားခဲ့ကြပြီး တိုက်ပွဲများပြန်ဖြစ် လာသောကြောင့် ပြန်လည်ရောက်ရှိလာရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“သူတို့ လက်နက်ကိုင်တွေတောင်မှ လုံခြုံမှုမရှိတဲ့နေရာမှာ ဒီလိုအရပ်ဖက်ကလူတွေ ဘယ်လိုလုပ်နေနိုင်မလဲ"

သုဓမ္မာရုံ ကျောင်းတိုက်မှာ လောလောဆယ် ခိုလှုံနေသူ မိသားစု ၄၆ စုရှိနေပြီး လူဦးရေ ၁၄၅ ဦး ရှိနေပြီး အများစုမှာ အမျိုးသမီး၊ ကလေးငယ်များနှင့် မကျန်းမာသူများ ဖြစ်ကြသည်။

No comments: