Monday, November 7, 2016

လမ်းပေါ် စားသောက်ဆိုင်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး

ဒေါက်တာ စိုးခိုင်


မြန်မာနိုင်ငံအပေါ် အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးမယ့် အကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ပြောကြားလိုက်မှုကို ဝမ်းသာပျော်ရွှင် သွားကြတဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ ပူးတွဲပြီး အကျိုးဖြစ်ထွန်း ဖွံ့ဖြိုးလာမယ့် အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းကတော့ Street Food လို့ သိထားတဲ့ လမ်းပေါ်မှာ တည်ခင်းရောင်းချနေတဲ့ အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းပဲ ဖြစ်ပါတယ်။

ဆက်စပ်လာမှာကတော့ အဲဒီလမ်းပေါ် ရောင်းချတဲ့ အစားအသောက် တွေကို အများဆုံးအသုံးပြု မှီခိုဝယ်ယူ စားသောက် နေရတဲ့ မြို့ပြနေ အောက်ခြေ လူတန်းစားတွေ ဖြစ်ပါတယ်။

လမ်းပေါ် တည်ခင်းရောင်းချတဲ့ အစားအသောက်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၊ ကုလသမဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ မြို့ပြ ပညာရှင်တွေကတော့ ဈေးနှုန်းချိုသာ Cheap ၊ အဆင်သင့် အမြန် အသုံးပြုနိုင်သော Easy and Ready to have ၊ ဒေသခံ အရသာနဲ့ အစားအစာတို့ရဲ့ ထူးခြားမှု ဝိသေသတွေနဲ့ ပြည့်စုံတဲ့ Enriched with local or ethnic’s tastes and characteristics meals အစားအသောက် တွေလို့ အဓိပ္ပာယ် သတ်မှတ် ပေးပါတယ်။

အဲဒီလို လမ်းပေါ်မှာပဲ တည်ခင်းရောင်းချ ဝန်ဆောင်မှု ပေးတဲ့ အစားအသောက် ရောင်းချတဲ့ ဆိုင်တန်းတွေကို Street food stall သို့မဟုတ် ဈေးဆိုင် Vendor လို့ ခေါ်ပြီး စနစ်တကျ ဆိုင်ဖွင့် တည်ခင်းရောင်းချတဲ့ ဆိုင်နဲ့ ရွေ့လျား နေရာ ပြောင်း ရောင်းချတဲ့ ဆိုင်နေရာ၊ ဥပမာ ကား၊ တွန်းလှည်း ၊ ခေါင်းရွက် ဗြတ်ထိုး ၊ စက်ဘီး ဆိုက်ကား ဆိုင်ကယ် ပေါ် တင် ရောင်းနေကြတဲ့ ဆိုင်မျိုး Mobile vendors တွေလည်း ပါဝင်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း ကဏ္ဍမှာ အဲဒီလမ်းပေါ် တည်ခင်းရောင်းချတဲ့ စားသောက် ဆိုင်တန်း တွေ ဟာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု အလွန် အားကောင်းပြီး အရေးပါတဲ့ လုပ်ငန်းကဏ္ဍ တရပ် ဖြစ် တယ် ဆိုတာကို ခရီးသွားကုမ္ပဏီတွေနဲ့ မီဒီယာတွေက အထူး အသိအမှတ်ပြုပြီး ဖော်ပြ ရေးသားကြပါတယ်။

လမ်းဘေးဈေးသည် မထားရှိတဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာတောင် Food street , Food arcade ဆိုပြီး အစားအသောက် တွေ ချည်းပဲ သီးသန့် ရောင်းချတဲ့ ဈေးတန်းလမ်းမနဲ့ ခန်းမတွေ သီးသန့် စီစဉ်ပေးရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအရပ်ရပ်က နာမည်ကျော် တရုတ်တန်း China Town တွေဆိုရင် အဲဒီလိုလမ်းပေါ် အစား သောက် ဈေးဆိုင်တွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကို အထူးဆွဲဆောင်နိုင်လို့ အလွန်အရေးပါတာ တွေ့ရပါ တယ်။

အဲဒီ လမ်းဘေး အစားအစာတွေကို Finger food, Fast Food လို့လည်း ခေါ်ပြီး ထိုင်စားစရာမလို၊ လက်ထဲမှာ ကိုင် ထား ပြီး လမ်းလျှောက်ရင်း စားသုံးနိုင်တဲ့ အတွက် ခရီးသည်တွေ အလွန် နှစ်ခြိုက် ကြပါတယ်။

FAO က ထုတ်ပြန်ထားတဲ့ စာရင်းဇယားများအရ ကမ္ဘပေါ်မှာ နေ့စဉ် လမ်းပေါ်ဆိုင်တန်းက ရောင်းချတဲ့ အစားအစာကို စားသုံးသူ ၂ ဒသမ ၅ ဘီလီယံ (သန်းပေါင်း ၂ ထောင့် ၅ ရာ) ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီလမ်းပေါ် အစားအသောက် ဈေးဆိုင်တွေကို တည်မှီပြီး အလုပ်အကိုင် အခွင့်အလမ်းပေါ်မှာ ၁၀ ဘီလီယံကျော် ရှိတဲ့ လူတွေကို အလုပ် ပေးထားနိုင်တယ် လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ ခရီးသွား လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ မီဒီယာတခု ဖြစ်တဲ့ Virtual Tourism . Com က ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ကို ၂၀၁၂ ခုနှစ်ရဲ့ အကောင်းဆုံး လမ်းပေါ် အစားအသောက် ဈေးဆိုင်တန်း ဝန်ဆောင်မှုပေးတဲ့ မြို့အဖြစ် ရွေးချယ် သတ်မှတ် ပေးခဲ့ပါတယ်။

အမျိုးအစား စုံလင်ခြင်း၊ ဈေးနှုန်းသင့်လျော် ချိုသာခြင်း၊ သန့်ရှင်း စင်ကြယ်မှု ရှိပြီး စိတ်ချစွာ စားသုံးနိုင်ခြင်းနဲ့ လမ်းပေါ် ဆိုင်တန်းတွေ နေရာအနှံ့ များပြားစွာ ရှိနေခြင်းကြောင့် ရွေးချယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ Virtual Tourism . Com က ကမ္ဘာပေါ်ရှိ အကောင်းဆုံး လမ်းပေါ် အစားအသောက် ဈေးဆိုင်တန်းရှိတဲ့ မြို့ ၁၀ မြို့ ကိုလည်း ရွေးချယ် သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။

၁။ ဘန်ကောက် (ထိုင်း နိုင်ငံ)
၂။ စင်္ကာပူ (စင်္ကာပူ နိုင်ငံ)
၃။ ပီနန် (မလေးရှား နိုင်ငံ)
၄။ မော်ရိုကို (မော်ရိုကို နိုင်ငံ)
၅။ ပါလစ်ဗို ဆီစီသီ (ဘီလဇ် နိုင်ငံ – Belize)
၆။ ဟိုချီမင်းစီးတီး (ဗီယက်နမ် နိုင်ငံ)
၇၊ အစ္စတန်ဘူ (တူရကီ နိုင်ငံ)
၈။ မက္ကဆီကိုစီးတီး (မက္ကဆီကို နိုင်ငံ)
၉။ ဘရပ်ဆဲလ် (ဘယ်လ်ဂျီယံ နိုင်ငံ)
၁၀။ ချီလီ နိုင်ငံ ဘန်ဘာဂရစ်ကေး မြို့တို့ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဟောင်ကောင်၊ ကွာလာလာမ်ပူ၊ ဆစ်ဒနီ နဲ့ ဆန်ဖရန်စ္စကို တရုတ်တန်းတွေလည်း စာရင်းဝင် ဖြစ်လာပါ တယ်။

၁၉၇၀ ပြည့်နှစ်အထိ မြန်မာ နိုင်ငံရန်ကုန်မြို့ ဖရေဇာ(အခုအနော်ရထာလမ်း) နဲ့ မောင်ဂိုမာရီ (ဗိုလ်ချုပ်လမ်း) ကြား ရွှေတိဂုံ ဘုရားလမ်းမှာ တည်ရှိခဲ့တဲ့ လေဟာပြင်ဈေး၊ မြေနီကုန် လေဟာပြင်ဈေး အခုဒဂုံစင်တာနဲ့ ဂမုန်းပွင့် ကုန်တိုက် ရှိရာ၊ ကြည့်မြင်တိုင် ဘူတာ အုတ်တံတိုင်းကပ်လျက် အထက်ကြည့်မြင်တိုင်လမ်းမ ညဈေးနဲ့ တရုတ်တန်း သံဈေး မှ သည် ပန်းဆိုးတန်း အထိ ၊ ဒါလဟိုဇီ (အခုမဟာဗန္ဒုလ လမ်း) လမ်းပေါ် ညဈေးတန်းဟာ အရှေ့တောင် အာရှမှာ နာမည် ကျော်ကြား ခဲ့ပါတယ်။

အမျိုးအစား စုံလင်ခြင်း၊ ဈေးနှုန်း ချိုသာခြင်း၊ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ဆက်ဆံရေး ယဉ်ကျေး ပြေပြစ်ပြီး ဝန်ဆောင်မှု ကောင်းမွန်ခြင်းတို့ကြောင့် ရန်ကုန်မြို့ ညဈေးတန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် က အိမ်နီးချင်း နိုင်ငံတွေ ကတောင် လာရောက် ဝယ်ခြမ်းစားသုံးကြတဲ့ အဆင့်အတန်းမြင့် ဈေးဆိုင်တန်း ဖြစ်ခဲ့ဖူးပါတယ်။

ဒါဟာ စာရေးသူရဲ့ ကိုယ်တွေ့ ဖြစ်ပါတယ်။

အဲဒီလို အပြိုင်ကျော်ကြား ထင်ရှားပြီး နာမယ်ကောင်းနဲ့ လူသိများတာကတော့ မန္တလေးဈေးချို ညဈေးတန်းရဲ့ ၁၉၆၀ ကနေ ၁၉၇၀ ပိုင်းအထိ အချိန်ကာလ ဖြစ်ပါတယ်။

အဲဒီနောက်မှာ မော်လမြိုင်၊ တောင်ကြီး၊ ပြည်မြို့ ညဈေးတန်းတွေဟာ ၁၉၇၀ ပြည့်နှစ် အထိ အဆင့်အတန်းရှိရှိ ထင်ရှား အောင်မြင်ခဲ့တဲ့ Food street တွေ ဖြစ်ခဲ့ကြပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။

လမ်းပေါ် ဈေးဆိုင်တန်းတွေဟာ ဒေသခံတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ နဲ့ မတူကွဲပြားတဲ့ အရသာတွေကို ခံစားစေ နိုင် ရာမှာ ကမ္ဘာလှည့် ခရီးသည်တွေ အထူး ဂရုပြုတာကတော့ Health and safety ကျန်းမာရေးနဲ့ အစားအစာ ဘေးကင်း လုံခြုံရေး ဖြစ်ပါတယ်။

အဲဒီအချက်တွေ အတွက် သက်ဆိုင်ရာ နိုင်ငံတွေက တာဝန်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေ၊ အစားအစာ ဘေးကင်း လုံခြုံရေး ဆိုင်ရာ ပညာရှင်တွေနဲ့ ဒေသခံ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကြီးကြပ်ကွပ်ကဲမှု ဌာနဆိုင်ရာ အဖွဲ့အစည်း တွေဟာ အထူးကြပ်မတ် ထိန်းချုပ်ကြရပါတယ်။

အဲဒီအတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) လက်အောက်ခံ အဖွဲ့အစည်းတခု ဖြစ်တဲ့ International Food Safety Authorities Network (INFOSAN) က ထုတ်ပြန် ညွှန်ကြားထားတဲ့ လမ်းပေါ် ဆိုင်တန်း အစားအစာတွေ အတွက် အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန် (Basic steps to improved safety of street vendor food)ပါ ညွှန်ကြားချက် တွေကို လိုက်နာ ဆောင်ရွက် ကြီးကြပ် စစ်ဆေးကြရတာ ဖြစ်ပါတယ်။ ။

ဒေါက်တာ စိုးခိုင်သည် အစားအစာ ဘေးကင်းလုံခြုံရေး(Food Safety) နှင့် ပတ်သက်ပြီး အကြံပေး လုပ်ကိုင်နေသူ (Food Safety Consultant and Management) တဦး ဖြစ်ပါသည်။

No comments: