Wednesday, November 16, 2011

မန္တလေးတွင် သံဃာတော် ၅ ပါး ဦးဆောင်၍ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်နေ

သျှမ်းသံတော်ဆင့်

မန္တလေးမြို့ မဟာ မြတ်မုနိ ဘုရားကြီး မဟာ ဗုဒ္ဓဝင် ဗိမာန်တော် တွင် ယနေ့ နံနက် ၇ နာရီ ခန့်မှစ၍ သံဃာတော် ၅ ပါးမှ ဦး ဆောင်ကာ လက်ရှိ အစိုး ရထံ အချက် ၄ ချက်ကို တောင်းဆို ဆန္ဒပြနေ ကြောင်း သိရသည်။

တောင်းဆိုချက် စာတမ်းများကို ဗိမာန်တော် အရှေ့ဖက် (လိပ်ကန်ဘက်ခြမ်း) တွင် ချိတ်ဆွဲထားကြောင်း မန္တလေး မြို့ခံ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းတောင်းဆိုချက် ၄ ချက်မှာ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now) ၊ နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners) ၊ လွတ်လပ်မှုကိုပေးပါ (We Want Freedom) နှင့် ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now) တို့ဖြစ်ကြောင်း သိရသည် ။ မန္တလေး မြို့ခံများမှလည်း ဆန္ဒပြဆရာတော်များအတွက် လိုအပ်သည့် ဓာတ်ဆီ (မီးစက်အတွက်) နှင့် စားသောက်ဖွယ် ရာများကို လှူဒါန်းနေသည်ဟု သူက ဆိုသည်။

နောက်ဆုံး ရရှိသည့်သတင်းအရ နေ့လည် ၁၂ နာရီခန့်တွင် ဆန္ဒပြသံဃာတော်များထဲမှာ ဆရာတော်၃ပါးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲမှ အရာ ရှိကြီးများ တွေ့ဆုံပြီး ဆန္ဒပြပွဲနေရာပြောင်းခိုင်းနေကြောင်း သိရသော်လည်း ၄င်းနေရာအား ယခုသတင်း ရေးနေ ချိန်အထိ အတိ အကျ မသိရပေ ။

မန္တလေးတွင် သံဃာတော်များ ဆန္ဒပြနေသည့်အပေါ် ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)မှ ဥက္ကဌ ရဲဘော်သံခဲက အခုလိုပြောသည် ။

“ထောက်ခံတယ် အခုလှုပ်ရှားမှုမှာပါတဲ့ သံဃာတွေရဲ့တောင်းဆိုချက်တွေဟာ ဒီနေ့ မျက်မှောက်မြန်မာ့ နိုင်ငံရေး အခြေ အနေရဲ့ လိုအပ်ချက်တွေဖြစ်တယ် တစ်တိုင်းပြည်လုံးရဲ့ လိုလားချက်လဲဖြစ်တယ် အခု သံဃာလှုပ်ရှားမှုဟာ လူထုနဲ့ တိုင်းပြည်ရဲ့ အကျိုးဖြစ်လို့ ဒီအပေါ်မှာ အားလုံး ၀ိုင်းရံပေးဖို့လိုတယ်ပူးပေါင်း ဖို့လိုတယ် ”


“ဒါကို လက်ရှိ အာဏာရှိသူတွေ အနေနဲ့ရော နိုင်ငံရေးသမားတွေအနေနဲ့ပါ မှန်မှန်ကန် စဉ်းစား သုံးသပ်ဖို့ လိုတယ် အထူး သဖြင့် ဒီကိစ္စကို အာဏာရှိသူတွေဘက်က မှန်မှန်ကန်ကန် မဖြေရှင်းဘဲအကြမ်းဖက်ဖြိုခွင်း မယ်ဆိုရင် ငြိမ်းအေးသွားမဲ့ အနေအထား မဟုတ်ဘူး ” ဟု သူက ဆိုသည်။

၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် သံဃာတော်များဦးဆောင်သည့် ရွေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်း ဖက် နှိပ်ကွပ်ခဲ့ပြီးနောက် ယခု သံဃာတော်များဦးဆောင်၍ ဆန္ဒပြတောင်းဆိုမှုနောက် တစ် ကြိမ် ပေါ်ပေါက်လာခြင်းဖြစ်သည် ။

No comments: