Wednesday, November 23, 2011

အရှင်ဂမ္ဘီရ ကျန်းမာရေးကြောင့် မိသားစုနှင့် ပြန်နေရန်လိုဟုဆို

သဲသဲ | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၁

ကလေးမြို့ အကျဉ်းထောင်မှ မြောင်းမြ ထောင်သို့ ပြောင်းရွှေ့ ခံရသည့် ဆရာတော် ဦးဂမ္ဘီရ၏ စိတ် ကျန်းမာရေး အခြေ အနေ စိုးရိမ်ရ သဖြင့် မိသားစုနှင့် အတူ တကွ ပြန်လည် နေထိုင်ရန် လိုအပ်ကြောင်း ထောင် ဆရာဝန်က အကြံပြု သည်ဟု ဆရာတော်၏ အမဖြစ်သူက ပြောသည်။

ထောင်တွင်း ဆက်လက်ထားရှိပါက မူလစိတ် အခြေအနေပြန်ရောက်ရန် မလွယ်ကူဟု ထောင်ဆရာဝန် ပြောကြောင်း တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက ပြောသည်။။

အရှင်ဂမ္ဘီရမှာ အကျဉ်းထောင်အတွင်း စိတ်ရောလူပါ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် စိတ်ဒဏ်ရာရှိသွားခြင်းဖြစ်သည်ဟုလည်း မိသားစုက ယုံကြည်နေသည်။

“ထောင်ထဲမှာ တလလုံး လက်ရော ခြေရော ခတ်ထားပြီး ထိုင်ခုံ မှာပဲ အပေါ့အလေး သွားခိုင်း၊ ခေါင်းကို အိတ်အမဲ စွတ်ပြီး တုတ်နဲ့ရိုက်၊ ဒီဒဏ်ရာ တွေက နည်းမှမနည်းတာ။ ဒဏ်ရာတွေ ပေါ်လာရင် သူတို့က အိပ်ဆေးထိုး ဖြေရှင်း တာ။ လွတ်လာတဲ့ သူတွေ ပြောပြတာ ပေါ့နော်။ ဦးဇင်း ကတော့ အမတို့ကို မပြောဘဲ ထိန်းချုပ် ထားပုံ ရတယ်။” ဟု မခင်သူဌေးက ဆိုသည်။

ဆရာတော်၏ ကျန်းမာရေး အခြေ အနေအား ငဲ့ညှာကာ လွှတ်ပေးရန် မိသားစုက သမ္မတ ဦးသိန်းစိန်ထံ စာရေး သား တောင်းဆို သွားဦး မည်ဟု ဆိုသည်။ ဦးဂမ္ဘီရ၏ မိသားစုက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သမ္မတထံ အသနား ခံစာ ရေးသား ပေးပို့ခဲ့သေး သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြာသပတေး နေ့တွင် နေပြည်တော်၌ မှတ်ပုံ တင်မည့် အရေးနှင့် ပတ်သက်၍ “NLD ပါတီ ဝင်လည်း မဟုတ်တော့ မကန့် ကွက်ဘူး၊ ဒါပေမယ့် ထပ်ပြောမယ် မထောက်ခံဘူး။” ဟု ဦးဂမ္ဘီရမှ ပြောဆိုကြောင်းလည်း မခင်သူဌေးက မဇ္ဈိမ ကိုပြန်လည် ပြောပြသည်။

ဦးဂမ္ဘီရကို စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်း ထောင်တွင် အကျဉ်းကျ ခံနေရာမှ ရန်ကုန်ရှိ အင်းစိန် ထောင်သို့နိုဝင်ဘာ လ ၁၆ ရက်နေ့တွင် ခေါ်ဆောင် သွားခဲ့ပြီး နောက်တ ရက်တွင် ဧရာဝတီတိုင်း မြောင်းမြမြို့ အကျဉ်းထောင် သို့ ပြောင်းရွှေ့ ခဲ့သည်။

ဓမ္မာ စရိယတန်း စာသင်သား ဦးဂမ္ဘီရသည် သက်တော် ၂၉ နှစ် အရွယ်၌ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ လှုပ်ရှား မှုတွင် သံဃာ့ တပ်ပေါင်း စု၏ ဦးဆောင် ဆရာတော်တပါး အဖြစ် ပါဝင်ခဲ့ရာ အာဏာပိုင် များ၏ ဖမ်းဆီး မှုကို ခံခဲ့ရပြီး အီလက်ထ ရောနစ် ပုဒ်မ အပါ အဝင် ပုဒ်မ ၁၃ ခုဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လတွင် ထောင်ဒဏ် ၆၃နှစ် ချမှတ်ခံ ခဲ့ရသည်။

No comments: