Friday, November 25, 2011

မွန်ခေါင်းဆောင်များ သမတ ဦးသိန်းစိန်အပေါ် ယုံကြည်မှု ကင်းမဲ့

အဇံ၊ကောင်းဝါသတင်းဌာန


“တိုင်းရင်းသားခေါင်းဆောင်များတွင် မတူညီသည့် လိုအပ်ချက်များကြောင့် အတူတကွ ငြိမ်းချမ်းရေး ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း’’ ဆိုသည့် သမတ ဦးသိန်းစိန်၏ အာဆီယံ ထိပ်သီးအစည်းအဝေး ကာလအတွင်း မြန်မာသတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆို ချက်ကို မွန်ခေါင်းဆောင်များက ကြိုက်နှစ်သက်မှုမရှိဟု ပြောဆိုလိုက်သည်။

“ခင်ဗျားတို့ ကြားတယ် မဟုတ်လား။ သူတို့ (မြန်မာအစိုးရ) အာဆီယံ ဥက္ကဌ ဖြစ်ပြီး တိုင်းရင်းသားအရေးနဲ့ ပတ်သက်တာတွေ ချိုးချိုးနှိမ်နှိမ် ပြောသွားတယ်၊ ဒါ့ကြောင့် ကျနော်တို့ အများကြီး မယုံကြည်ဘူး” ဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်နေသည်ဟု ဆိုသော်လည်း စစ်အစိုးရကဲ့သို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု မွန်ခေါင်းဆောင်များက ပြောဆိုကြသည်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေမှုများ အပါအဝင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား သီးခြားတွေ့ဆုံနေခြင်းကို ရည်ညွှန်းပြီး ပြောဆိုခြင်း ဖြစ်သည်။

‘‘ကျနော်တို့ရဲ့ ဆန်းစစ်ချက်အရ လက်ရှိအစိုးရဟာ တိုင်းရင်းသားတွေအပေါ် သဘောထား ပြောင်းလဲမှု မရှိသေးဘူး၊ စစ်အစိုးရလိုပဲ ဆက်လုပ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်လာတာ ဘာမှ မမြင်ရသေးလို့ပဲ” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး နိုင်ဟံသာက ပြောသည်။

အစိုးရ၏ ဒီမိုကရေစီ ပြောင်းလဲမှု ဆိုသည်မှာ အာဆီယံနိုင်ငံများနှင့် နိုင်ငံတာကာ၏ ထောက်ခံမှုကို ရယူလိုခြင်းနှင့် စီးပွားရေး ပိတ်ဆို့ထားမှုအား ပြန်လည် ရုပ်သိမ်းပေးစေလိုခြင်းသာ ဖြစ်သည်ဟု သူက ဆက်လက်ပြောကြားသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆွဲဆောင်နိုင်ရန် ဒီမိုကရေစီရေး ပြောင်းလဲမှု အနည်းငယ် ပြသခြင်းသာ ဖြစ်သည်ဟု မွန်ခေါင်းဆောင်များက ယုံကြည်နေကြဆဲ ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါဝင်အရွေးခံပြီး အစိုးရအဖွဲ့တွင် ပါဝင်လာပါက နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိလိမ့်မည်ဟု အစိုးရက မျှော်လင့်ထားသည်ဟု ခေါင်းဆောင်များက သုံးသပ်ကြသည်။

‘‘သုံးပွင့်ဆိုင် ဆွေးနွေးရေးအတွက် အခုကျနော်တို့ မဟာမိတ်တယောက် ဆုံးရှုံးသွားပြီ၊ သူမဟာ ခုအစိုးရဘက်က ဖြစ်သွားပြီ၊ ဒါပေမဲ့ သူမအနေနဲ့ လွှတ်တော်မှာ ပါဝင်လာနိုင်မယ် ဆိုရင် တိုင်းရင်းသားတွေ အနေနဲ့ အကျိုးရှိ လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

အစိုးရအနေနှင့် ဒီမိုကရေစီစနစ်သို့ အမှန်တကယ် ဦးတည်ပြောင်းလဲမည် ဆိုပါက ပထမအရေးကြီးဆုံးအချက် ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားကိစ္စနှင့် ဒုတိယအချက် တိုင်းရင်းသားကိစ္စများကို အရင်ဦးဆုံး ဖြေရှင်းပေးရမည်ဟု ထောက်ပြကြသည်။

‘‘တိုင်းရင်းသားကိစ္စကို ဖြေရှင်းဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာ့အရေးမှာ တိုင်းရင်းသားကိစ္စဟာ အရေးကြီးတဲ့ ကိစ္စတခု ဖြစ်တယ်ဆိုတာ ကမ္ဘာ့ခေါင်းဆောင်တွေက အသိအမှတ်ပြုထားကြလို့ပါပဲ” ဟု ထိုင်းအခြေစိုက် မွန်အမျိုးသား ညီညွတ်ရေး အဖွဲ့ချုပ် ဥက္ကဌ နိုင်စွန်ထွန်က ပြောသည်။

No comments: