Tuesday, November 29, 2011

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် မြန်မာ ခရီးစဉ် ဒီဇင်္ဘာ ၅ ရက်နေ့ စတင်မည်

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ မြန်မာ (၂) ရက်ကြာ ခရီးစဉ် ဒီဇင်္ဘာလ ၅ ရက်နေ့ စတင်မည် ဖြစ်ကြောင်း သိရသည်။

သူမအား မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ၀ဏ္ဍမောင်လွှင်က နေပြည်တော် လေဆိပ်တွင် လက်ခံကြိုဆိုမည် ဖြစ်ပြီး သူမအား မြတ်တော်ဝင် ဟိုတည်တွင် တည်းခိုသွားရန် စီစဉ်ထားသည်ဟု ဘင်္ဂလာဒေခ်ျ့က အရာရှိများက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် မြန်မာနိုင်ငံတွင် (၂) ရက်ကြာနေထိုင်စဉ် မြန်မာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ၀န်ကြီး တချို့နှင့် တွေ့ဆုံမည် ဖြစ်သလို အရေးကြီးသော သဘောတူညီချက်များကို လက်မှတ် ရေးထိုးသွားမည်ဟု သိရသည်။

သူမ၏ ခရီးစဉ် အတွင်း မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်မည့် ချစ်ကြည်ရေး လမ်းမ ဖေါက်လုပ်ရေး ကိစ္စနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသော ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စကို အလေးပေးဆွေးနွေးမည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့သည် သူနိုင်ငံ၏ ကုန်သွယ်ရေးကို တရုတ်နိုင်ငံနှင့် တိုးမြှင့် လုပ်ကိုင်လိုနေရာ မြန်မာနိုင်ငံကို ဖြတ်ပြီး ဖေါက်လုပ်မည့် ချစ်ကြည်ရေးလမ်းမ ဖေါက်လုပ်ရေးသည် ဘင်္ဂလာဒေခ်ျ့၏ အထူး အရေးပါသော လိုလားချက် ဖြစ်သည်။

သို့အတွက် ဘင်္ဂလာဒေခ်ျ့ အာဏာရ အစိုးရ အဆက်ဆက်သည် အဆိုပါ လမ်းဖေါက်လုပ်ရေး အတွက် မြန်မာအား ချဉ်းကပ် ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ် နီးပါး ကြာမြှင့်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ လမ်းမကြီး ဖေါက်လုပ်ရေးကို မြန်မာက မူအားဖြင့် သဘောတူညီထားသော်လည်း မြန်မာ အတွက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်ခြေ နည်းပါးနေသဖြင့် လက်တွေ့တွင် အကောင် အထည်ဖေါ် ဆောင်ရွက်ရန် မြန်မာဘက်က လက်နှေးလျက်ရှိသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးသည် ယခု ခရီးစဉ် အတွင်း မြန်မာ အပြီးတွင် အင်ဒိုနီးရှား နိုင်ငံသို့လည်း ၀င်ရောက် လည်ပတ်မည် ဖြစ်သည်။

No comments: