Saturday, November 26, 2011

အာခေါင်လန် ဥက္ကဋ္ဌလောင်းကြီးနှင့် တွေ့ဆုံခြင်း

ရန်ကုန်သားတာတေ

သမ္မတ ဦးသိန်းဇိမ် တယောက် အာခေါင်လန် ဥက္ကဋ္ဌ တာဝန် ယူရမည်ဟု သိခဲ့ပြီး သည့်နောက် တချို့က ၎င်း၏ ထိပ်ကြီး ပိုပြောင် သွားသည်၊ တချို့ကလည်း သမ္မတ လေသံ ပြောင်းသွားသည်၊ ထိုသို့ လေသံပြောင်း သွားခြင်းမှာ မှန်ချို ချွဲပျော်ဆေးနှင့် လိပ်ခေါင်း ပျောက်ဆေးကို မှားယွင်း သုံးစွဲ မိသော ကြောင့် ဖြစ်သည် စသည့် ဝေဖန် သံများ ထွက်ပေါ် လျှက်ရှိသည်။

တချို့လည်း သမ္မတ လေသံမှန်စေရန် သူ့ထက်ငါ ဆေးဝိုင်းကုပေးချင်နေကြသည်၊ တချို့က ဆံပင်ပေါက်ဆေးများကို သမ္မတ ကတော်မှတဆင့် သူ့ထက်ငါ ဦးအောင် ပေးပို့ဖို့ ကြိုးစားနေကြသည်၊ ထိုသို့ ပေးပို့ရန် ကြိုးစားသူများထဲတွင် ကာတွန်း ဟန်လေး နှင့် နာမည်ချင်း အမျိုးတော်စပ်သူ တဦးလည်းပါသည် ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်နေရာ ဦးသိန်းဇိမ်၏ သတင်းများ အတိအကျ သိရစေရန်အတွက် ဒေဝါလီမဂ္ဂဇင်း သတင်းထောက် ဖိုးရှုပ်နှင့် မပါမပြီး နတ်ကြီး ဦးရုက္ခစိုးတို့က ဦးသိန်းဇိမ် တွေ့ချင်မှန်းမသိ၊ မတွေ့ချင်မှန်းမသိ အတင်းကာရော ဝင်ရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။



ဖိုးရှုပ်။ ။ သမ္မတ အနေနဲ့ အခုလို အာခေါင်လန် ဥက္ကဋ္ဌလောင်းဘဝ ရောက်မှ ထိပ်ကြီးက အရင်ကထက် ပိုပြောင် လာတယ်လို့ ပြောနေကြပါတယ်။ ဘာကြောင့်ပါလဲခင်ဗျာ။

သိန်းဇိမ်။ ။ ဒါကတော့ အာခေါင်လန် ရာထူးဆိုတာ သိတဲ့အတိုင်းပဲ … အာခေါင်လန်နေအောင် အော်ရတော့မှာကိုး၊ တာဝန်က ပိုကြီးသွားပြီ။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ မိန့်ခွန်းတွေ ပိုပြောရတော့မယ်၊ သူများကို ဆရာလုပ်ရတော့မယ်၊ ပြည်တွင်းမှာ လာပြီး အာခေါင်လန်နေတဲ့သူတွေ ကိုလည်း စိတ်မငြိုညင်ရ လေအောင် ချော့တန်ချော့ရမယ်၊ မရရင် ခြောက်တန်ခြောက်ရမယ် … ဝှူး ပြောရင်းတောင် ပိုပြောင်လာပြီလား မသိဘူး။

သမ္မတက အဖြေပေးပြီးသည်နှင့် သူ့ထိပ်ကို သူ စမ်းကြည့်လိုက်သည်။

ဖိုးရှုပ်။ ။ အာခေါင်လန် ဥက္ကဋ္ဌ ဖြစ်ပြီဆိုတော့ ပျော်နေမှာပဲနော်။ မျက်နှာကိုကြည့်ရတာ မှိုကော၊ မျှစ်ကော၊ ပတပ်စာကော အကုန်လုံးရခဲ့တဲ့ပုံပဲ။

သိန်းဇိမ်။ ။ ဘယ်ကမလဲ … ကန်ဇွန်းရွက်ကော၊ ချဉ်ပေါင်ရွက်ကော၊ ဘူးသီးကော၊ ရေကညွတ်ကော အကုန်ရတာ ဟီဟိ။

ရုက္ခစိုး။ ။ ကုန်စိမ်းဒိုင်တောင် ဖွင့်လို့ရလောက်တယ် ထင်တယ်။

သိန်းဇိမ်။ ။ သီရိမင်္ဂလာ ဈေးသစ်ကြီးမှာ ဆိုင်ခန်းတောင်ကြည့်ပြီးပြီ … အယ် … ဟုတ်သေးပါဘူး ဦးရုက္ခစိုး လုပ်တာနဲ့ ယောင်ကုန်ပြီ။ ကျုပ်ပြောတာက ခဲတလုံးတည်းနဲ့ ငှက် ၂ ကောင်တောင်မကဘူး ၃၊ ၄ ကောင်လောက် ထိသွားတယ် အဲဒါကို ပြောတာ။

ဖိုးရှုပ်။ ။ ထိသွားတဲ့ ငှက်ထဲမှာ ငြိမ်းချမ်းရေးချိုးငှက်လည်း ပါသွားတယ်ထင်တယ်။

သိန်းဇိမ်။ ။ သေချာတာပေါ့ … ချိုးငှက်လည်း ဘာသံမှတောင် မထွက်နိုင်တော့ဘူး။ ဒါက ပွဲစားကြီး ဦးဟန်ကြောင်မွှေရဲ့ ကျေးဇူးကြောင့်ပဲလို့ ပြောရမှာပါ။

ဖိုးရှုပ်။ ။ ခဏလေး၊ ခဏလေး … စကားက လမ်းကြောင်းနည်းနည်း လွဲသွားပြီ …။ အာခေါင်လန် ဥက္ကဋ္ဌ ရာထူး အကြောင်း ဆက်ပြောရအောင်။ စပါကလင်ကျွန်းမှာ ကျင်းပတဲ့ အာခေါင်လန် ထိပ်ဖု အစည်းအဝေးကြီးက ဦးသိန်းဇိမ်ကို ၂၀၁၄ ခုနှစ်ရဲ့ အာခေါင်လန် ဥက္ကဋ္ဌ ရာထူးပေးဖို့ အတည်ပြုပြီးသွားတဲ့နောက်မှာ ဦးသိန်းဇိမ် လေသံတွေ ပြောင်းသွားတာ ဘာကြောင့်လဲ။

ရုက္ခစိုး။ ။ အဲဒါမေးရမယ် … အသံကြည်ဆေးနဲ့ လိပ်ခေါင်းဆေး မှားသောက်မိလို့ ဆိုတာ ဟုတ်ပါသလား။

သိန်းဇိမ်။ ။ အဲဒါက ပြောရရင်တော့ ရှည်မယ်ဗျာ။ ဒီလိုဗျ … ကျုပ်က မှားသောက်တာတော့ မဟုတ်ဘူး။ ကျုပ်ကို မှားတိုက်တာ။

ဖိုးရှုပ်။ ။ ဘယ်သူတွေက မှားတိုက်တာလဲဗျ။

သိန်းဇိမ်။ ။ ချိုကုပ်ဒူးကြီးရဲ့ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို အခါတော်ပေး သောင်းနှစ်သောင်းက ကျုပ်ကို လိပ်ခေါင်းဆေး ချုပ်ပြီး အတင်းတိုက်တာ၊ ကျုပ်ကလည်း သောက်ချင်ချင် ဆိုတော့ ခုလို လေသံ ပြောင်းသွားရတာပါဗျာ။

သောင်းနှစ်သောင်းဆိုသည်မှာ ဦးပြောင်သောင်းနှင့် ဦးကြောင်သောင်းတို့ ဖြစ်သည်။ အသံ ညောင်နာနာနှင့် ဖြေခြင်း ဖြစ်သောကြောင့် သမ္မတအမှန်တကယ် လေသံပြောင်းသွားခြင်းဟု ယူဆရပေမည်။

ဖိုးရှုပ်။ ။ အခုတော့ အာခေါင်လန် ဥက္ကဋ္ဌလည်း ဖြစ်ပြီ၊ အဝှာ ပါတီကလည်း မှတ်ပုံတင်တော့မယ်၊ အမေရိကန်ကလည်း နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် လာတော့မယ် … ဒီတော့ ဦးသိန်းဇိမ် ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

သိန်းဇိမ်။ ။ ဆက်လုပ်ဖို့ ဟုတ်လား။ အမှန်က ကျုပ်ကိုယ်တိုင်လည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းကို မသိပါဘူးဗျာ။

ရုက္ခစိုး။ ။ သမ္မတ ဖြစ်နေပြီး ဘာဆက်လုပ်ရမှန်း မသိဘူးဆိုတော့ မဟုတ်သေးပါဘူး။ တခုခုတော့ ပလန် ရှိရမှာပေါ့။ နေပါဦး … အခု ကြားသလောက်က ကြားဖြတ် ရွေးကောက်ပွဲတောင် ဘယ်တော့လဲ မသိသေးဘူးဆို ဟုတ်လား။

သိန်းဇိမ်။ ။ အဲဒါပြောတာပေါ့ … အဲဒါပြောတာပေါ့ … ခင်ဗျားတို့က မသိဘဲ လျှောက်ပြောနေကြတယ်။ ခင်ဗျားတို့ ကျုပ်ကို ဘာထင်နေကြလဲ။ အီး အဟီး … အီး … ရွှတ်။

ပြောပြောဆိုဆိုနှင့် သမ္မတ သိန်းဇိမ် ချုံးပွဲချ ငိုလေရာ ဖိုးရှုပ်နှင့် ဦးရုက္ခစိုးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။

ဖိုးရှုပ်။ ။ နေ … နေပါဦး သမ္မတရယ် … ဒုက္ခပါပဲ။ သမ္မတကို ကျနော်တို့က ဘာထင်ရမှာလဲဗျ။

သိန်းဇိမ်။ ။ ဘာထင်ရမှာလဲ မသိရင် ပြောပြမယ်။ ကျုပ်က သမ္မတယောင် ဆောင်ထားတဲ့ ပုတ်သင်ညိုဗျ။

ရုက္ခစိုး။ ။ ဟိုက် … တောက်တဲ့တွေ ခေတ်စားပြီးသွားတော့ အခု ပုတ်သင်ညိုခေတ် ဖြစ်လာပြီလား။

သိန်းဇိမ်။ ။ ဟုတ်တယ် …။ ပုတ်သင်ညိုက တောက်တဲ့ထက်တောင် လူကြိုက်များသေးတယ်။ ဘာဖြစ်လို့လဲ သိလား၊ တောက်တဲ့က အသံထွက်တယ်၊ ပုတ်သင်ညိုက ဘာသံမှ မထွက်ဘဲ ခေါင်းပဲ ညိတ်လို့ဗျ။

သမ္မတက မျက်ရည်သုတ်ရင်း ညောင်နာနာ ရှင်းပြသည်။

ဖိုးရှုပ်။ ။ ဘယ်လိုကနေ ဘယ်လို ပုတ်သင်ညို ဖြစ်သွားတာလဲ ရှင်းပါဦး။

သိန်းဇိမ်။ ။ သြော် ခက်နေပြန်ပါပြီ။ ကျုပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပါ၊ သူ့ဘက်က ဘာပြန်လုပ်ပေးမယ် ပြောလည်း ခေါင်းညိတ်တယ်၊ ထောင်ကဲကြီးက ဟိုဟာ ဝယ်မယ်၊ ဒီဟာရောင်း ဆိုလည်း ခေါင်းညိတ် တယ်၊ မာမူကြီးက ဟိုဟာနဲ့ ဒီဟာနဲ့ လဲမယ် ဆိုလည်း ခေါင်းညိတ်တယ်၊ အမေရိကားက ဟိုဒင်းလုပ်ရင် ဟိုဟာ ဖြုတ်မယ် နော်လို့ ပြောရင်လည်း ခေါင်းညိတ်တယ် … ။

ဖိုးရှုပ်။ ။ ဒါပေမယ့် ပြီးတော့လည်း လုပ်ချင်တာလုပ်တာပဲ မဟုတ်လား။

သိန်းဇိမ်။ ။ (ခေါင်းတဆတ်ဆတ် ညိတ်၍) ဟုတ်တယ်လေ … သူတို့ ဘာပြောပြော ခေါင်းညိတ်သလို … ချိုကုပ်ဒူးကြီးရဲ့ အခါတော်ပေး ဂိုဏ်းသားတွေ၊ ဆော်ကြမ်းတို့ အဖွဲ့တွေက ပြောလာရင်လည်း ခေါင်းညိတ်ရတာကိုးဗျ။

ရုက္ခစိုး။ ။ ပုတ်သင်ညိုတောင် အာခေါင်လန်ဥက္ကဋ္ဌ ရာထူးရသေးတယ်နော်။ ထူးဆန်းပါပေ့။

သိန်းဇိမ်။ ။ အမယ် … ဒီလိုတော့ မပြောပါနဲ့။ ကျုပ် ခေါင်းအညိတ်ကောင်းလို့ အာခေါင်လန် ဥက္ကဋ္ဌ ရာထူး ရတာဗျ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အာခေါင်လန် ဥက္ကဋ္ဌ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာတုန်းက သူဘာပြောပြော ကျုပ်က ခေါင်းညိတ်ခဲ့တာကိုး။

ဖိုးရှုပ်။ ။ ညိတ်ပါဗျာ … ဆက်ညိတ်ပါ။ အခု အဝှာပါတီက သမ္မတလုပ်မယ့် ရွေးဂေါက်ပွဲကို ဝင်ဖို့ စောင့်နေပြီ ဘယ်လို လုပ်မလဲ။ သူတို့ကို ပါတီမှတ်ပုံတင်စေချင်တုန်းကလည်း ခင်ဗျားတို့ပဲ … အခု ဝင်ပြန်တော့လည်း ရွေးဂေါက်ပွဲကို ဟိုလိုလို ဒီလိုလို လုပ်နေပြန်ပြီ။ ဒါ ဘာသဘောလဲ။

သိန်းဇိမ်။ ။ သြော် … ဒါက အရေးမကြီးပါဘူး။ လွှတ်တော်ထဲရောက်ရင် ပုတ်သင်ညို ဖြစ်ဖို့အရေး ဒီလောက် လောဖို့ လိုလို့လား။

ဖိုးရှုပ်။ ။ ဟာ ဒီလိုတော့ မပြောနဲ့လေ … သူတို့က ပုတ်သင်ညိုလုပ်ဖို့ အစီအစဉ် မရှိဘူး။ လွှတ်တော်ထဲ ရောက်ရင် အခြေခံ ဥပဒေကို ပြင်ကြမှာတဲ့ဗျ။

သိန်းဇိမ်။ ။ အရင်လူတွေလည်း ဒီလိုပဲပြောပြီး ပုတ်သင်ညို ဖြစ်သွားကြတာပဲ။ အစကလည်း သူတို့ကို မှတ်ပုံတင် စေချင်တာက အာခေါင်လန် ဥက္ကဋ္ဌ ရာထူး သေချာဖို့ပဲဟာ။ အခုတော့ သေချာသွားပြီ၊ လိုချင်တာလည်း ရပြီဆိုတော့ ပေးစရာရှိတာက မေ့ထားလိုက်လို့ ရပါတယ်။ အင်းလေ နောက်ကိစ္စ နောင်မှရှင်း မီးစင်ကြည့်ကလို့ ရပါတယ်။

ရုက္ခစိုး။ ။ ဖြစ်လာသမျှကို မီးစင်ကြည့် ကမယ်ဆိုတဲ့ ဇာတ်မင်းသားကြီး သိန်းဇိမ်လို့တောင် နာမည် တပ်ရမလို ဖြစ်နေပြီ။

သိန်းဇိမ်။ ။ မှားနေပြီ။ ကျုပ်က ပုတ်သင်ညိုပါဆို။ ဘယ်သူဘာပြောပြော … ရမယ်၊ ပေးမယ်၊ လုပ်မယ် အကုန်ခေါင်းညိတ် … လိုအပ်တဲ့အခါကျရင်တော့ အရောင်လေး ပြောင်း၊ သြော် သမ္မတ လုပ်ရမယ်ဆိုတော့ ခက်လှပြီမှတ်တာ … အခုမှပဲ လွယ်မှန်း သိတော့တယ်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရေ ပြန်မှနဲ့တူတယ် … ကျနော်တို့လည်း သူ့နားမှာ ကြာကြာနေရင် ပုတ်သင်ညို ဇာတ်သွင်း ခံရမလားမသိဘူး။

သိန်းဇိမ်။ ။ အခုမှ သတိရတယ်၊ ခင်ဗျားတို့လည်း ပုတ်သင်ညို လုပ်ကြည့်ပါလား။ အနေချောင်တယ်ဗျ။

ရုက္ခစိုး။ ။ တော်ပြီတော်ပြီ … ရုက္ခစိုးကနေ ဘယ်ဘဝကိုမှ မပြောင်းပါရစေနဲ့တော့။ ကဲ သွားလိုက်ဦးမယ် သမ္မတရေ။ အခုလို အချိန်ယူပြီး ဖြေပေးတာ ကျေးဇူးပါပဲ။

သိန်းဇိမ်။ ။ ကျုပ်ကလည်း ကျေးဇူးတင် ပါတယ်ဗျာ။ အာခေါင်လန် ဥက္ကဋ္ဌ ရာထူး စယူတဲ့အချိန်ကျရင် ခုလို လာမေးကြဦးနော်။

ဦးသိန်းဇိမ်က ခေါင်းကလေး တညိတ်ညိတ်နှင့်ပြောနေရာ ကြာကြာနေလျှင် သူတို့ပါ ပုတ်သင်ညိုဇာတ် သွင်းခံရမည် စိုးသဖြင့် ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့မှာ သမ္မတအိမ်တော်မှ အမြန်ဆုံး ထွက်ခွာခဲ့ကြရ လေတော့သတည်း။ ။

No comments: