ရွှေအောင်
ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ၉၆ နှစ်ပြည့် မွေးနေ့အလှူအဖြစ် စစ်ကိုင်းတောင်ရိုး၊ မြစကြာကျောင်းတိုက်က သံဃာအပါး၃၀၀ ကို နိုဝင်ဘာ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်အပါအဝင် မြို့ရွာဒေသအသီးသီးက စာရေးဆရာ၊ အယ်ဒီတာတွေ အပါအဝင် ပရိသတ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ လူထု ဒေါ်အမာရဲ့ သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောပါတယ်။
လူထုဒေါ်အမာရဲ့ သားတဦးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက အခုလိုအချိန်မှာ အမေရှိစေချင်တယ်လို့ ပြောပါတယ်။
“အမေ့မွေးနေ့နဲ့ ပတ်သက်လို့ ကျနော်တို့ ပြောချင်တာတော့ အခုအခြေအနေပေါ့လေ။ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေး ရှုပ်ထွေးလာတဲ့ အချိန်မှာ အမေရှိနေရင် အများကြီး ကောင်းမှာပဲလို့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အမေတခွန်းပြောတာက အများကြီးထိရောက်ပါတယ်။ အမေ့စကားကို လေးလေးစားစား နားထောင်တဲ့သူတွေ အများကြီး ရှိနေတဲ့အခါမှာ တချို့ ကျနော်တို့ ပြောတာနဲ့စာရင် အမေပြောတာက အများကြီး ပိုပြီး တာသွားပါတယ်။ အဲဒီဟာမျိုး ပြောစေချင်တာမျိုး ကြားစေချင်တာမျိုး ဖြစ်မိပါတယ်။”
လူထုဒေါ်အမာရဲ့ မွေးနေ့ကို ဆရာမကြီး အသက် ၇၀ ပြည့်တဲ့ ၁၉၈၅ ခုနှစ်ကစပြီး ကျင်းပခဲ့ရာမှာ စာပေမိတ်ဆွေ၊ တပည့် သားမြေးတွေနဲ့ နှစ်စဉ်လိုလို စည်ကားခဲ့ပြီး စာပေလောကသားတွေဆုံဆည်းရာ အထင်ကရပွဲတခုဖြစ်ခဲ့ပါတယ်။
လူထုဒေါ်အမာကို ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့ မန္တလေးမြို့မှာအဖ ဦးထင်၊ အမိဒေါ်စုတို့က မွေးဖွားပြီး မန္တလေးမြို့မှာ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်က ကွယ်လွန်ခဲ့ပါတယ်။
No comments:
Post a Comment