နော်နိုရင်း
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်လင်းထွန်း ဒီကနေ့ နေ့ခင်း ပဲခူးတိုင်း ကျောက်တံခါးမြို့က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ထောင်တွင်းမှာကတည်းက ခံစားခဲ့ရတဲ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာပါ။
ဒီနေ့ ညနေ ၃ နာရီမှာ နေ့ချင်း သင်္ဂြီုဟ်ခဲ့တယ်လို့ ကိုဇော်လင်းထွန်း ထောင်တွင်းရှိနေစဉ် ကူညီစောင့်ရှောက်ခဲ့တဲ့ ဦးဌေးက ပြောပါတယ်။
ရောဂါက ရန်ကုန်မှာကတည်းက အထူးကု ဆရာဝန်တွေက ၃ လကနေ ၆ လအတွင်းပဲ ခံမယ်ဆိုပြီးပြောတယ်။ သူကသေမယ့်အတူတူ ဒီမှာဆေးမကုတော့ဘူး။ သူ့ဌာနေမှာပဲ အမေ့ရင်ခွင်မှာပဲ သေမယ်ဆိုပြီး ပြောတယ်။ သူ့အမေကလည်း ဒီကိုလိုက်မလာနိုင်ဘူးဆိုတော့လေ။ ကျနော်တို့လည်း ဆေးရုံတင်ပြီး ဆက်ကုသဖို့ ပြင်ဆင်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က သူ့အမေဒေသ သူ့မွေးရပ်မြေမှာပဲ သေချင်တယ်ဆိုပြီးတော့ ပြန်သွားတာပေါ့လေ။ ရောဂါကလည်း ကျွမ်းနေပြီဆိုတော့ ကင်ဆာဆေးနဲ့ မကုဘဲ ဝေဒနာသက်သာအောင် တခြားဆေးတွေပဲပေးရတာပေါ့။ ပြီးခဲ့တဲ့ ၂ ရက်လောက် စပြီးတော့ ရောဂါကဖောက်လာတယ်။ ကျနော်တို့ကို အကြောင်းကြားတယ်။ သူခံတော့မှာမဟုတ်ဘူး။ ကျနော်တို့လိုက်သွားဖို့ ပြင်နေတုန်း ဒီနေ့ပဲ ဆုံးသွားတယ်လို့ သိရတယ်။ ကင်ဆာဆိုတော့ အားချင်း သင်္ဂြီုဟ်တယ်။”
ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ကိုဇော်လင်းထွန်းဟာ မကွယ်လွန်ချိန်ထိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ကိုဇော်လင်းထွန်းဟာ ထောင်ကျနေစဉ် အသည်း ဘီပိုး၊ တီဘီ၊ ကျောက်ကပ် စတဲ့ ရောဂါတွေ ခံစားနေရတဲ့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လက ထောင်တွင်းမှာ ဆေးရုံတင်ခဲ့ရပါတယ်။
ရောဂါ မသက်သာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့က သူ့ကို ထောင်အပြင် အင်းစိန်ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသခဲ့ရာမှာ ဆရာဝန်ရဲ့ စစ်ဆေးချက်အရ အသည်းကင်ဆာဖြစ်နေကြောင်းကိုတွေ့ရှိရပြီး ၃ လကနေ ၆ လအထိသာ အသက်ရှင်မယ်လို့ ဆရာဝန်က မှတ်ချက်ပေးခဲ့ပါတယ်။
လပိုင်းသာ အသက်ရှင်ရတော့မယ့်အတွက် လွတ်ငြိမ်းသာခွင့်ပေးဖို့ မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကိုတောင်းဆိုခဲ့ပေမယ့် ထောင်ဒဏ် ၁၁ နှစ်ကျန်သေးတယ်ဆိုပြီး လွှတ်မပေးခဲ့ဘဲ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်လာခဲ့တာပါ။
ကိုဇော်လင်းထွန်းဟာ ၁၉၉၁ ခုနှစ်တုန်းကလည်း ကျောင်းသားသမဂ္ဂနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအဆိုးရ (NCGUB) ထောက်ခံတဲ့ လှုပ်ရှားမှုတို့နဲ့ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်း ၂၀၀၃ ခု ဗကသ ပြန်လည်ဖွဲ့စည်းရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
No comments:
Post a Comment