ပီတာအောင်
ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမှာ ဒီနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကချင်ကိုယ်စားလှယ်အဖွဲ့မှာ ဥက္ကဋ္ဌ ဦးဇောင်းဟရာနဲ့ ဒုဗိုလ်မှူးကြီး ဂျီးနောင်တို့အပါအဝင် အဖွဲ့ဝင် ၆ဦးလောက် ပါသွားပြီး အစိုးရဘက်က ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ဦးအောင်မင်းနဲ့ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်တို့ပါဝင်တယ်လို့ ကေအိုင်အိုက ပြောပါတယ်။
ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ မသိရသေးဘူးလို့ ကေအိုင်အိုအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
“အခြေအနေက ဘာမှမသိသေးဘူး။ ရွှေလီမှာပဲ တွေ့ကြတယ်။ တခြား အချက်အလက်က ဘာမှမရသေးဘူး။ စတွေ့ပြီလို့တော့ သတင်းရတယ်။ ဘယ်လိုဘာတွေပြောတာတော့ သတင်းမရသေးဘူး။ မနက်ဖြန်ကျမှ သူတို့အဖွဲ့တွေ ပြန်လာတဲ့အခါကျတော့မှ သိရမယ်ထင်တယ်။ တွေ့နေကြတယ်ဆိုတာတော့ သတင်းတော့ရပြီ။”
ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကနေ ထွက်ခွာသွားတာဖြစ်ပြီး တရုတ်အာဏာပိုင်တွေက နယ်စပ်မှာ စောင့်ဆိုင်းပြီး လာခေါ်သွားတယ်လို့သိရပါတယ်။
ကေအိုင်အိုနဲ့မြန်မာ အစိုးရကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ ခုတကြိမ် ဆွေးနွေးနေချိန်ဟာ တရုတ်နိုင်ငံ အစိုးရက မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
တရုတ်နယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောကတော့ ကချင်နဲ့အစိုးရဆွေးနွေးပွဲကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ အချိန်ကိုက်ဆောင်ရွက်တာတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
ဒါပေမယ့် တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားတဲ့ ပြဿနာ မြန်မာတပ်အင်အားတွေ အဆမတန် တိုးချဲ့ လှုပ်ရှားနေတဲ့ပြဿနာနဲ့ စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတဲ့ နယ်စပ်ပြဿနာတွေဟာ တရုတ်ခေါင်းဆောင်တွေနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါနိုင်တယ်လို့သုံးသပ်ပြောကြားပါတယ်။
အတွင်းရေးမှူး ဒေါက်တာလားဂျာ ဦးဆောင်တဲ့ ကေအိုင်အို အဖွဲ့ဟာ မြန်မာအစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တချို့နဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
No comments:
Post a Comment