ဒီဗွီဘီ
ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အစိုးရစစ်ကြောင်းတွေဟာ ပေါ်တာအထမ်းသမားတွေကို အဓမ္မခိုင်းစေနေတယ်လို့ စစ်ကြောင်းကနေ ထွက်ပြေး လာတဲ့ ပေါ်တာတွေက ပြောပါတယ်။
ဝိုင်းမော်မြို့နယ် အရှေ့ဘက် နန့်ဆန်ယန်ဒေသအတွင်း လှုပ်ရှားနေတဲ့ ခလရ ၁၂၁၊ ခမရ ၃၈၄၊ ၃၈၈ ပူးပေါင်းစစ်ကြောင်းတခုမှာ ပေါ်တာအထမ်းသမား ၃ဝ ကျော်ကို အသုံးပြုနေတယ်လို့ စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ ပေါ်တာတဦးဖြစ်သူ ကိုခင်မောင်ဇင်က ပြောပါတယ်။
“မနက် ၄၊ ၅ နာရီကနေ ညနေ ၅ နာရီခွဲအထိ အနည်းဆုံးလျှောက်ရတယ်။ တခါတလေ မိုးချုပ်မှ အိပ်တယ်။ ကတုတ်ကျင်းတွေလည်း တူးပေးရတယ်။ နေရာရှင်းပြီးမှ အိပ်ရတယ်၊ တောထဲမှာ။ သစ်ပင်တွေလှဲ အဲလိုမျိုး။ ကျနော်တို့ ရိက္ခာတွေ ပစ္စည်းတွေ အကုန်ထမ်းရတယ်။ လူနာတွေ၊ ပစ္စည်းတွေက အချိန် ပိဿာ ၂ဝ၊ ၃ဝ လောက်ရှိမယ်။ မထမ်းနိုင်တဲ့ခါ သူတို့ပစ်သတ်တာ များတယ်။ ကျနော် အတွေ့အကြုံ အရ ပေါ်တာ ပစ်သတ်တာ ၂ ယောက်လောက် တွေ့တယ်။ ကျနော်ရှေ့မှာပဲ ခလရ ၁၂၁ က ပစ်သတ်တာ။
ကိုခင်မောင်ဇင်ဟာ နန့်ဆန်ယန်ရွှေမှော်အတွင်း လုပ်ကိုင်နေစဉ် အောက်တိုဘာ ၁၉ ရက်က ရွှေမော်ထဲကို ဝင်ရောက်လာတဲ့ အစိုးရတပ် စစ်ကြောင်းရဲ့ ပေါ်တာအဖြစ် ဖမ်းဆီးခံခဲ့ရသူပါ။
အလားတူ ပေါ်တာအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ထွက်ပြေးလာသူ ကိုမင်းသူက “နှိပ်စက်တာကတော့ မျိုးစုံပဲ။ သူတို့ခိုင်းတာ မလုပ်လို့ကတော့ ကန်တာတို့၊ သေနတ်ဒင်နဲ့ ဆောင့်တာတို့ ဒါမျိုးတွေကတော့ ရိုးနေပြီ။ အဆိုးဆုံးကတော့ မထမ်းနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် သေနတ်နဲ့ တခါတည်း ပစ်သတ်ခဲ့တာ။ ကျနော်တို့ မလိုက်နိုင်ဘူးလို့ မပြောရဲဘူး။ ကျနော်တို့ကို နန့်ဆန်ယန်မှာ ဖမ်းဖမ်းချင်း တယောက် သတ်လိုက် တယ်။ နောက်တယောက်ကတော့ နန့်ဆန်ယန်အထွက် တောင်ကုန်းမှာပဲ မထမ်းနိုင်လို့ ပစ်သတ်လိုက်တယ်။ နောက်တယောက်က လမ်းမှာထွက်ပြေးလို့ ပစ်သတ်ခဲ့တယ်။ ၃ ယောက်လောက် သေသွားပြီ အရပ်သားတွေ။ ကချင်ပြည်နယ်သားတွေကော၊ အောက်ပိုင်းကတွေလည်းပါတယ်။ ထွက်ပြေးလို့ ပစ်သတ်ခံရတဲ့ထဲမှာ ရန်ကုန်သားတယောက်ပါတယ်။ သူက အသက်၂၀ ဝန်းကျင်ပဲ ရှိသေးတယ်။”
အခုလ ၂၁ ရက်နေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ အင်ဒပ်ဘွန်မှာ ကေအိုင်အေနဲ့ အစိုးရစစ်ကြောင်းတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေစဉ် ကိုခင်မောင်ဇင်နဲ့ ကိုမင်းသူတို့အပါအဝင် ပေါ်တာ ၄ ဦးလည်း ထွက်ပြေးလာပြီး ကေအိုင်အေထိန်းချုပ် နယ်မြေထဲကို ဒီကနေ့မနက်က ရောက်ရှိလာတာပါ။
No comments:
Post a Comment