Thursday, November 24, 2011

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အလှူ

မျိုးသန့် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ဦးသိန်းစိန် နိုင်ငံတော် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်ပိုင်း အများ ပြည်သူ မြင်ကွင်းများ၊ နိုင်ငံပိုင် မီဒီယာ များတွင် ပျောက်ကွယ် နေခဲ့သူ အငြိမ်းစား စစ် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ အမည်ကို ကြာသပ တေး နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ပထမဆုံး ဖေါ်ပြ ပါရှိ လာသည်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတွင် အပူဇော်ခံနေသည့် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်ကို ဦးသန်းရွှေနှင့် မိသားစုမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်းကြောင်း မြန်မာ့ အလင်း သတင်းစာနှင့် ကြေမုံသတင်းစာများတွင် ဖေါ်ပြပါရှိခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) - ဒေါ်ကြိုင်ကြိုင်မိသားစုက အမေရိကန် ဒေါ်လာ ၁,၃၀၀၊ ပတ္တမြားတာ ၁၁ပွင့်၊ မြိတ်ပုလဲတပွင့်၊ ၁၅ပဲရည် အဖြူရောင် ၆၁ ပွင့်ပါ ရွှေလက်စွပ်တကွင်း၊ ကာလတန်ဖိုး ငွေကျပ် ၄၈၈,၀၀၀ အား လာရောက်လှူဒါန်းခဲ့သည်ဟု သတင်းစာများ၏ အတွင်းပိုင်း စာမျက်နှာတွင် ဖေါ်ပြပါရှိသည်။ သို့သော် ဦးသန်းရွှေ၏ လှူဒါန်းမှုကို ဓာတ်ပုံနှင့်တကွ ဖေါ်ပြထားခြင်း မရှိပါ။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နအဖ ကိုဖျက်သိမ်းကာ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့သည်။

No comments: