Friday, November 25, 2011

ရှမ်းပြည်နယ် နယ်စပ်တိုက် ပွဲတွင် မြန်မာအစိုးရ စစ်သား ၃၀ကျော် ကျ

KNG


မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော် - နမ့်ခမ်း-မူဆယ် လမ်းမ ၃ နေရာတွင် နိုဝင်ဘာလ ၂၄ ရက် နံနက် ပိုင်း၌ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) နှင့် တိုက်ပွဲဖြစ် ပွားရာ မြန်မာ အစိုးရ စစ်သား ၃၀ ကျော် ကျဆုံး သည်ဟု ဒေသခံ များပြောသည်။

နမ့်ခမ်းမှ မံဝင်းဘက်သို့ ချီတက်လာသည့် မြန်မာအစိုးရတပ်သားတင် စစ်ကား ၅ စီးကို KIA တပ်ရင်း ၁ က မြေမြှုပ်မှိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ မြန်မာအစိုးရစစ်သား အနည်းဆုံး ၁၀ ဦးသေဆုံးသည်ဟု နမ့်ခမ်းဒေသခံများပြောသည်။

ထိုနေ့နံနက် ၁ နာရီခန့်တွင်လည်း ကိုင်ထိပ်ရှိ မြန်မာအစိုးရတပ်စခန်းမှ လှည့်ကင်းစစ်ကြောင်းတစ်ခုအား KIA တပ်ရင်း ၁ က ခြုံခိုတိုက်ခိုက်ရာ မြန်မာအစိုးရစစ်သား ၂၀ ကျော် သေဆုံးသည်ဟု KIA တပ်ရင်း ၁ မှအရာရှိများပြောသည်။

ထို့အပြင် ရွှေလီမြစ်ကူးတံတား၊ နမ့်ခမ်းနှင့် မံဝင်းမြို့တွင်း၌လည်း နှစ်ဖက်တိုက်ပွဲငယ်များ အဆက်မပြတ် ဆက်လက်ဖြစ်ပွားနေသည်ဟု ထိုမြို့များရှိ ဒေသခံများပြောသည်။

မြို့တွင်းတိုက်ပွဲများတွင်လည်း မြန်မာအစိုးရစစ်သားများ သေကြေဒဏ်ရာရမှုများရှိသော်လည်း စာရင်းအတိအကျ မသိရသေးဟု ဒေသခံများဆိုသည်။

ထိုတိုက်ပွဲများတွင် ရာချီရှိသည့် မိတ္ထီလာအခြေစို်က် တပ်မ အမှတ် (၉၉) နှင့် ပဲခူးအခြေစိုက် တပ်မ အမှတ် (၇၇)မှ မြန်မာအစိုးရစစ်သားများနှင့် ဒါဇင်နှင့်ချီသည့် တပ်ရင်း ၁ နှင့် ၂၇ မှ KIA တပ်များကြား ဖြစ်ပွားခြင်းဖြစ်သည်။

ဗန်းမော်-နမ့်ခမ်း-မူဆယ်လမ်းကို ရှင်းလင်းရန်အတွက် နိုဝင်ဘာလအစောပိုင်းမှ သမ္မတဦးသိန်းစိန်အစိုးရက အောက်မြန်မာပြည်မှ တပ်မ နှစ်ခုကို ကချင်ပြည်တောင်ပိုင်းသို့ ပို့ထားခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ယခုချိန် ထိုလမ်း၏ အစိတ်အပိုင်းအများစုကို KIO/KIA ကထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။

No comments: