Tuesday, November 29, 2011

KIA တပ်ရင်း ၂၇ အခြေ စိုက်စခန်းအား မြန်မာ အစိုးရတပ်မှ သိမ်းပိုက်

KNG


ကချင်ပြည်နယ်အရှေ့ တောင်ဘက် ဘလောင် ဒိန်ဆာ (Balawng Dingsa)တွင် အခြေစိုက် ထားသော KIA တပ်ရင်း (၂၇)အား မြန်မာ အစိုးရ တပ်မှ နိုဝင်ဘာ၂၈၊ တနင်္လာနေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။

အစိုးရတပ်၏ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ယော်ထုံ ဦးဆောင်သော
၎င်းတပ်ရင်း အခြေစိုက်စခန်းအား KIA စစ်သားများ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများ အတည်ပြုပါသည်။

ဘလောင်ဒိန်ဆာ တပ်ရင်းဌာနချုပ်သည် ဗန်းမော်ခရိုင် မံဝင်းမြို့၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင်ရှိပြီး KIA တပ်မဟာ ၃ အောက်တပ်ရင်းများအနက် ယင်းစခန်းသည် ပထမဆုံး အစိုးရတပ်လက်အောက်သို့ ကျသွားခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ လဆန်းပိုင်းမှ သမ္မတ ဦးသိန်းစိန် အစိုးရက မိတ္ထီလာ အခြေစိုက် တပ်မ အမှတ် ၉၉၊ ပဲခူး အခြေစိုက် တပ်မ အမှတ် ၇၇ နှင့် ကျောက်မဲအခြေစိုက် စကခ-၁ အောက် တပ်ရင်းများမှ စစ်အင်အား ရာပေါင်းများစွာကို ကချင်-ရှမ်းနယ်စပ် နမ့်ခမ်းနှင့် မံဝင်းမြို့များသို့ ပို့ထားသည်။

ထို့ကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကူရောက်လာ မြန်မာစစ်သားများနှင့် နယ်မြေခံ KIA တပ်ရင်း ၁ နှင့် တပ်ရင်း၂၇ တပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်လာသည်။

မြန်မာအစိုးရတပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို အဓိကဆက်သွယ်ပေးသည့် မူဆယ်-နမ့်ခမ်း-ဗန်းမော် လမ်းကြောင်းမှ KIA တပ်များကို ရှင်းရန်အတွက် ယခုလို အင်အားအလုံးအရင်းဖြင့် စစ်ဆင်နေခြင်းဖြစ်သည်။

No comments: