Wednesday, November 30, 2011

မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် လူတဦး သေ၊ တဦး ဒဏ်ရာရ

KNG


မြန်မာ အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ကြား နယ်စပ် တရုတ် နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး သည့်နေ့တွင် ကချင်ပြည် နယ်မြို့တော် မြစ်ကြီး နားမှာ ဗုံး နှစ်လုံး ပေါက်ကွဲပြီး လူတဦး သေဆုံးကာ အခြားတဦး ဒဏ်ရာ ရရှိခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် နိုဝင်ဘာ (၂၉) ရက် ည (၈) နာရီဝန်းကျင်တွင် စီတာပူရပ်ကွက် KIO ဆက်ဆံရေးရုံးအနီး ဖြစ်ပွားခဲ့ရာ ကျောင်းသားတဦးသေဆုံးကာ ကျောင်းသူတဦးဒဏ်ရာရရှိသည်ဟု ဗုံးပေါက်နေရာအနီးမှ ဒေသခံများပြောသည်။

ထိုနေရာသည် စီတာပူရပ်ကွက် ကချင်ရိုးရာမနောကွင်းနှင့် ကချင်ရိုးရာနတ်ဗိမ္ဗာန်ဝင်းများရှိသည့် လမ်းဆုံတွင်ဖြစ်သည်။

ပထမဗုံးသည် ကချင်မျိုးနွယ် ဇိုင်ဝါးစာပေနှင့်ယဉ်ကျေးမှုရုံးရှေ့ ကချင်နတ်ဗိမ္ဗာန်ဝင်း၏မြောက်ဘက်ခြမ်း ခြံစည်းရိုးအနီး ပေါက်ကွဲရာ အထက (၅) ကိုးတန်း ကချင်ကျောင်းသား မောင်အာဗြာဟမ် ဗုံးစထိမှန်သေဆုံးသွားသည်။

၅ မိနစ်ကျော်ခြား၍ နတ်ဗိမ္ဗာန်ထိပ် ညောင်ပင်ကြီးအနီး လမ်းဆုံပေါ် ဒုတိယဗုံးပေါက်ကွဲရာ ကျောင်းသူတဦး ထိခိုက်ဒဏ်ရာရပြီး မြစ်ကြီးနားဆေးရုံတက်ရောက်ကုသနေရကြောင်း ဒေသခံများပြောသည်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ကချင် ဇိုင်ဝါးစာပေရုံးထဲနေထိုင်သူများနှင့် ထိုရုံးနှင့်ကပ်လျက်ရှိသော အိမ်ဝင်းတခုထဲ နေထိုင်သူများအား သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်များပြောသည်။

ယခုကဲ့သို့သေဆုံးဒဏ်ရာ ရရှိစေသည့်ဗုံးပေါက်ကွဲမှုအား မြန်မာအစိုးရနှင့် KIO မည်သည့်အဖွဲ့မှ ပြုလုပ်သည်ကို မသိနိုင်သေးသော်လည်း မြစ်ကြီးနားပြည်သူများမှာ စိုးရိမ်ကြောက်လန့်စွာ နေထိုင်ကြရသည်ဟု မြို့ခံများ ဆို သည်။

No comments: