Wednesday, November 16, 2011

ရွှေတြိဂံပြဿနာ စိုင်းနော်ခမ်း ခေါင်းရှောင်

သျှမ်းသံတော်ဆင့်

မဲခေါင် မြစ်ဝှမ်း ရွှေတြိဂံ ဒေသ၌ တရုတ် အမျိုး သား ၁၃ ဦး သတ်ခံ ရသည့် ကိစ္စ မိမိ ပါဝင် ပတ်သက်ခြင်း မရှိ ကြောင်း ထိုဒေသ အတွင်း လှုပ်ရှားသည့် လက်နက် ကိုင် အဖွဲ့ခေါင်းဆောင် စိုင်းနော်ခမ်းက ပြောပါသည်။

“တရုတ် အမျိုးသား ၁၃ ဦး အသတ်ခံ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုင်းနော်ခမ်းကို ကျနော် မေးကြည့်ခွင့် ရခဲ့တယ်။ အဲဒီ ကိစ္စသူ မသိဘူး။ သူမပတ် သက်ရဘူး- လို့ တိုတို ရှင်းရှင်း ဘဲပြန် ဖြေတယ်။ ဘယ်သူက လက်သည်လဲလို့ မေးတော့လဲ မသိ ရဘူး လို့ဘဲ ပြောတယ်” ဟု စိုင်းနော်ခမ်းနှင့် ရင်းနှီးသည့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ နေအမျိုးသား တဦးက ပြောပါ သည်။

ထို့အတူ ပြီးခဲ့သည့်အပတ်ကလည်း ထိုင်းစစ်တပ်အရာရှိတဦးက စိုင်းနော်ခမ်းနှင့် ဆက်သွယ်စကားပြောခွင့်ရ ကြောင်း၊ ထိုကဲ့သို့သာ ‘ မသိဘူး ၊ မပတ်သက်ဘူး ’ ဟုသာ ပြောသည်ဟုဆို၏။

မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦး သတ်ခံရပြီးနောက်ပိုင်း စက်လှေ၊ သင်္ဘော၊ သမ္ဗန်လှေအသွား အလာကို ယနေ့တိုင် တရုတ်အာဏာပိုင်တို့ ပိတ်ပင်ထားဆဲဖြစ်၏။

ယူနန်ဒေသအခြေစိုက် မဲခေါင်မြစ်ရေယာဉ်အသင်းဥက္ကဌ ဖန်ယိုဂေါ် က People’s Daily သတင်းစာ၌ မဲခေါင် မြစ်ဝှမ်း (ရွှေတြိဂံဒေသ) ခရီးသွားလာရေး လုံခြုံချောမွေ့ဖို့ တရုတ်တပ်အင်အား ၆၀၀ ထက်မနည်းချထားဖို့ စီစဉ်နေကြောင်း၊ နေပြည်တော်၌ ဒီဇင်ဘာ ၁၈ 4th GMS (Greater Mekong Sub-region) Summit ထိပ်သီးညီလာခံမကျင်းပခင် မဲခေါင်မြစ် ရွှေတြိဂံဒေသ တရုတ်စစ်အင်အားချထား ရေးမချ ထားရေးဆုံးဖြတ် ဖွယ်ရှိကြောင်း ပြောသွားပါသည်။

မဲခေါင်မြစ်ဝှမ်း ရွှေတြိဂံဒေသ (အောက်ဘက်ပိုင်း) တဝိုက် လှုပ်ရှားနေသော MTA လက်ကျန် စိုင်းနော်ခမ်း အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ထိုင်းမီဒီယာများက ယနေ့တိုင်ရေးသားဆဲဖြစ်သည်။ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ မဲခေါင်မြစ်ကြောင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံတွင် ပါဝင်ကူညီနိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

No comments: