မြန်မာ အစိုးရ နှင့် ဆွေးနွေးရန် ပြင်ဆင် နေသည့် လက်နက်ကိုင် တိုက်ခိုက်ဆဲ သျှမ်းပြည် တောင်ပိုင်း တပ်မတော်ဟု လူသိ များသော RCSS/SSA အား အစိုးရနှင့် ဆက်ဆံ ရာ၌ သိသင့် သိထိုက် သည့်အချက် အလက် များကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များက ပြောဆို သတိပေး လိုက်သည်။“အစား ဆိုရင်တော့ ဟင်းတခွက် ကိုအတူ စားကြ တဲ့ခါ ကျတော့ ပြဿနာ မရှိဘူး။ ဆေးခတ်ရင်လဲ သူရော ကိုယ်ရော သေ မယ်လေ။ အသောက်က ပို အရေးကြီး တယ်။ ကိုယ့်ခွက် နဲ့ကိုယ် ဆိုတော့ ဆေးခတ်ခဲ့ ရင်ကိုယ်ဘဲ ခံရမယ်” ဟု အစိုးရ ကိုယ်စား လှယ် နှင့် ပဏာမ အဆင့် ဆွေးနွေး ခဲ့ပြီးသော အဆိုပါ လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်က ပြောသည်။
မြန်မာ အစိုးရ သစ်နှင့် မကြာမှီ ပဏာမ အဆင့် ဆွေးနွေး တော့မည့် သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ ကိုယ်စား လှယ် များ သတိထား ရမည့် အချက်များ အား အဆိုပါ ပုဂ္ဂိုလ်က သျှမ်း သံတော် ဆင့်သို့ ပြောပြရာမှာ - ၁။ မြန်မာ အစိုးရသည် ဆက်ဆံ ရေး၌ အထက်မှ နေ၍ နိုင်ထက် စီးနင်း ပြောဆို ဆက်ဆံ တတ်ခြင်း။ ၂။ ပျော်ပွဲ ရွှင်ပွဲ များဖြင့် ဆွဲဆောင် တတ်ခြင်း။ ၃။ စီးပွါးရေး(လုပ်ပိုင်ခွင့်) များဖြင့် မက်လုံး ပေးမြူ ဆွယ်ခြင်း။ ၄။ အစား အသောက်ထဲ ဆေးခတ်ခြင်း - စသည့် နည်းလမ်း များကို ၎င်းတို့ အသုံး ပြုလေ့ ရှိသဖြင့် အထူး သတိထား ရမည်ဖြစ် ကြောင်း ပြောပါသည်။
“သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့က တခါမှအပစ်အခတ်မရပ်ဖူးဘူး ဆိုတော့ သူတို့မှာ ကျနော်တို့လို အတွေ့ အကြုံ မရှိဘူး။ ကျနော်တို့တိုင်းရင်းသားတွေက အားနာတဲ့စိတ်အရမ်းများတယ်။ အောက်ကြို့ခံ ပေါင်းသင်း တတ်တယ်။ အဲဒါ မြန်မာအရာရှိတွေက အခွင့်ကောင်းယူတတ်တယ်” - ဟု အပစ်ရပ်သွားတဲ့ အရာရှိတဦးက ပြောပါသည်။
“ခုတော့ အရပ်သား အစိုးရသစ်ဖြစ်ပြီဆိုတော့ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးတော့မှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်။ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား။ အထူးသတိထားမှ တော်ကာကျမယ်လေ” ဟု လည်း အမည်မဖော်လိုသည့်အဆိုပါပုဂ္ဂိုလ်ကပြောသည်။
ဝ ခေါင်းဆောင် ကျောက်ညီလိုင်း၊ ဇော်မိုင်၊ SSNA ခေါင်းဆောင် စဝ်ကဏ်းယွက်တို့ သေဆုံးရခြင်း၊မိုင်းလား ခေါင်းဆောင် ဦးစိုင်းလင်း သေလုနီးနီးအထိ ၂ ကြိမ် ၂ ခါ လေဖြတ်လေဖြန်းရောဂါဖြစ်ရခြင်းတို့မှာ မြန်မာ စစ်တပ်အရာရှိများ၏ပယောဂ မကင်းကြောင်း ကာယကံရှင်၊ အဖွဲ့အစည်းများ၊ တခြားပုဂ္ဂိုလ်များယုံကြည်သကဲ့ သို့ မိမိလည်း ယုံကြည်ကြောင်း၊ အာဏာရ အစိုးသစ်လည်း ထိုကဲ့သို့မလုပ်ဟု မည်သူမျှယုံ၍မရကြောင်း - ၎င်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
လက်ရှိမြန်မာအစိုးရနှင့် ပဏာမ အဆင့်သဘောတူညီချက်ရပြီးသော အဖွဲ့အစည်းများမှာ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် မိုင်းလားခေါ် NDAA-ESS ၊ ကလိုထူးဘောတပ်ဖွဲ့ ခေါ် ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့် DKBA တို့ဖြစ်၏။ သျှမ်းပြည် တပ်မတော် SSPP/SSA ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် စည်းလုံးညီညွတ်သော ကရင် အမျိုးသားတပ်မတော် KNU တို့လည်း နေပြည်တော်အစိုးရ ကိုယ်စားလှယ်နှင့်တွေ့ဆုံ ခဲ့သော်လည်း သဘော တူညီမှု တစုံတရာ မရှိ သေးပေ။ ချင်း အမျိုးသားတပ်ဦး CNF နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့မှာမူ ပထမအကြိမ် တွေ့ဆုံ ရန် ပြင်ဆင် နေသည်ဟု သတင်းထွက်နေပြီး အချိန်၊ နေရာ၊ ပါဝင်မည့်ပုဂ္ဂိုလ် ကိုလည်း မသိရသေး။ ကချင်လွတ် မြောက်ရေးတပ်မတော် KIA နှင့်မူ အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း အထမမြောက် သေးဘဲ ယနေ့တိုင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
No comments:
Post a Comment