Thursday, June 7, 2012

မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့

မောင်အေးချမ်း (ဟားဗတ်တက္ကသိုလ်)

နိဒါန်း

ပဏာမ အနေဖြင့် ကျွန်တော်ဟာ ဒီစာစုကို မရဲတရဲ ချီတုံ ချတုံဖြင့် အကြိမ်ကြိမ် အခါခါ စဉ်းစား ခဲ့ပြီးမှ နောက်ဆုံး စိုးရိမ်စိတ်များ ထုံလွှမ်း နေ သော ပူပန်မှုကြောင့် ရေးသားရခြင်း ဖြစ်ကြောင်း တင်ပြ လိုပါတယ်။ တစ်ဖန် ကျွန်တော့်ထက် ပိုမိုပြီး အမြင်ကျယ်၊ အတွေးအခေါ် နက်ရှိုင်း ကြသည် မှာ သေချာနေသော နိုင်ငံရေး ခေါင်းဆောင် နှစ်ဦး အပေါ်တွင်လည်း တစ်စုံတစ်ရာ သက်ရောက်ရာ ရောက် လေမလား ဆိုတဲ့ စိုး ရိမ် စိတ် များလည်း ရှိနေပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပြည်သူ လူထု၊ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ တစ်ခေတ်မှာ တစ်ယောက် ပေါ်ထွန်းခဲလှတဲ့ မျှော်လင့်ချက် ခေါင်း ဆောင် နှစ်ဦးတို့နဲ့ ပတ်သက်ပြီး ကျွန်တော့် ရင်ထဲက စစ်မှန်တဲ့ စေတနာ၊ ခိုင်မာတဲ့ သစ္စာ တရား တို့ကြောင့် ရေးသား လိုက်ရခြင်းပဲ ဖြစ်ပါတယ်။


မြန်မာ့ခြေလှမ်းသစ်ဖြစ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်က ထိုင်းနိုင်ငံ ဗန်ကောက် မြို့မှာ ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ် ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် တက်ရောက်ခဲ့တဲ့ သတင်းဟာ ပြည်တွင်း ပြည်ပ မီဒီယာများမှာ ခေါင်းကြီး သတင်း၊ ကြားဖြတ် သတင်းများ အဖြစ် ဖော်ပြ ပါရှိခဲ့တာ တွေ့ရှိရ ပါတယ်။ အထူးသဖြင့် ကျွန်တော် နေထိုင်ရာ အမေရိကန် ပြည်ထောင် စု မှာဒီသတင်းဟာ ထူးခြား သတင်း အဖြစ် တွေ့မြင်ရပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးရဲ့ အာရုံဟာ ဒီဖိုရမ် အပေါ်မှာ ရောက်ရှိ နေတယ်လို့ ပြော ရင်လွန်မယ် မထင် ပါဘူး။

ကျွန်တော်တို့လို ပြည်ပ နိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက်လည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက် ကြမယ့် ပွဲလို့ သိ ထား ခဲ့တာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ ပြန်ရောက် သွားပြီး နောက်ပိုင်း တစ်ခါမျှ ပြည်ပ ထွက်ခွာခဲ့တာ မဟုတ်တဲ့ အတွက် သူ့အတွက် ပထ မဆုံး ပြည်ပ ခရီးစဉ် ဖြစ်နေတာလည်း ပါပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ လမ်းဖွင့်မှုအပေါ် စမ်းသပ်ချက် တစ်ခုလို့လည်း အမေရိက မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ ပိုပြီး ဝမ်း မြောက်ဖို့ ကောင်းတာက နောင်နှစ်မှာ ကျင်းပ မယ့်အဲဒီဖိုရမ်ကို ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပ မယ်လို့ သိလိုက်ရတဲ့ အတွက် ကြောင့်လည်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ကမ္ဘာ့ အလယ် စင်မြင့်ထက်ကို တစ်လှမ်းချင်း တစ်လှမ်းချင်း တက်လှမ်း နေတာပဲလို့ ကျွန်တော် ကတော့ ထင်မြင်မိပါတယ်။ ပြီးတော့ ကြက်သီး ထလောက် အောင်လည်း ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ အခုအချိန်မှာ စာရေးသူတို့ နိုင်ငံဟာ ပြုပြင် ပြောင်းလဲမှုတွေနဲ့ နိုင်ငံ့ ပုံရိပ်လည်း ပြောင်းလဲ လာခဲ့ပါပြီ။

အဝေးမှလူတစ်ဦးရဲ့ စိုးရိမ်သောကများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ စွမ်းအင် ဝန်ကြီး ဦးသန်းဌေးတို့ နှစ်ဦးစလုံးရဲ့ ပြောကြား ချက်တွေကို ကျွန်တော် စိတ်ဝင် တစားနဲ့ လေးလေး နက် နက် နားထောင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူတွေရဲ့ သဘောထားဟာ ဒီပြောကြားချက် နှစ်ရပ်အပေါ်မှာ မူတည် နေတာကြောင့်လည်း ဖြစ်ပါတယ်။ ပြီးတော့လည်း နိုင်ငံတော် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ကြီး နှစ်ဦး ဟာ လည်း နိုင်ငံတော်နဲ့ ပြည်သူ လူထုရဲ့ ဘုံအကျိုး စီးပွား အတွက် မတူညီတာတွေ ဘေးဖယ်ထားပြီး တူညီတာတွေ ပူးပေါင်းဆောင် ရွက်သွား ကြဖို့ အပြန် အလှန် လက်ခံ သဘောတူ ထားတာ ကြောင့် လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီပြောကြားချက် (၂)ရပ် ဆန့်ကျင်ဘက်အ သွင် ဝိရောဓိ သဘောဆောင်နေရင် ခက်ခက်ခဲခဲ တည်ဆောက် ထားတဲ့ ယုံကြည် မှုတွေ (ခေါင်းဆောင် နှစ်ဦးကြားက အပြန် အလှန် ယုံ ကြည်မှု အပြင် နိုင်ငံ တကာ အသိုင်း အဝိုင်းက မြန်မာ နိုင်ငံအပေါ် ထားရှိတဲ့ ယုံကြည်မှုလည်း ပါဝင်ပါတယ်) လွင့်ပြယ် သွားမှာ စိုးရိမ် တဲ့ စိတ်နဲ့ ဖြစ်ပါ တယ်။

ဒါပေမယ့်လည်း ကျွန်တော် သက်ပြင်း ချနိုင်ခဲ့ပါတယ်။ နှစ်ဦးစလုံးရဲ့ ပြောကြားချက်တွေမှာ အခြေခံ တူညီမှုတွေ များပါတယ်။ ပြည်သူတွေ အ တွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ဖန်တီးပေး နိုင်ဖို့ အတွက် လုပ်သား အရင်းပြု စက်မှု လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံမှု ပြုကြ ဖို့ ဖိတ်ခေါ် တိုက်တွန်း သွားခဲ့တာ တွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က Job Creation Investment ကို အလေးပေး ပြောကြား သွား သလို စွမ်းအင် ဝန်ကြီး ဦးသန်းဌေးကလည်း labour- Intensive Industry ကို အလေးပေး ဖိတ်ခေါ် သွားတာ တွေ့ရှိ ရပါတယ်။

ဒါပေမယ့် ကျွန်တော့် သောကတွေ မပျောက်ပျက်နိုင်ပါဘူး။ ဒီဖိုရမ်အပြီးမှာ ထိုင်းနိုင်ငံကို သွားရောက်မယ့် သမ္မတကြီးရဲ့ ခရီးစဉ် ရွှေ့ဆိုင်း လိုက်တဲ့ သတင်း ကြားသိရပါတယ်။ State Department က ကျွန်တော့် အသိမိတ်ဆွေ တစ်ဦးက ကျွန်တော့်ကို ဖုန်းဆက်ပြီး မေးလာပါ တယ်။ ဘယ်လို ဖြစ်တာလဲ ဆိုတဲ့ အမေးပါ။ ဒါနဲ့ ပတ်သက်လို့ နယူးယောက် တိုင်းမ် သတင်းစာမှ ဆောင်းပါးရှင် သောမတ်စ် ဖူလာက သမ္မတ ဦးသိန်းစိန် စိတ်ကွက် သွားပုံ ရတယ်လို့ ထင်မြင်ချက် ရေးထားတာ တွေ့ရှိရပါတယ်။ ဒီအပေါ်မှာ ကျွန်တော် စိုးရိမ် မိပါ တယ်။ ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်း များစွာ မျှော်လင့် တောင့် တခဲ့တဲ့ အရုဏ်ဦးကို ကျွန်တော်တို့ မြင်တွေ့ရတာ မကြာ သေးပါဘူး။ ကျွန်တော်တို့ နိုင်ငံသား တွေခေတ်အဆက်ဆက် မက်ခဲ့ရတဲ့ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး အိပ်မက်တွေ အခုမှ မြင် မက်နိုင်ခါစ ဖြစ်ပါတယ်။ ကျွန် တော်တို့ရဲ့ ဒီမိုကရေစီ လမ်းကြောင်းဟာ အရပ်ရပ် ခိုင်မာမှုတွေနဲ့ တောင့်တင်းခြင်း မရှိသေးသလို ကျွန်တော်တို့ လူ့အဖွဲ့ အစည်း ဟာလည်း ကျွန်တော် အခု ရောက်ရှိ နေတဲ့ အမေရိကန် ပြည်ထောင်စုက လူ့အဖွဲ့အစည်းလို ဖြစ်လာအောင် ကျွန်တော်တို့ အများကြီး ကျင့်ကြံ အား ထုတ်ကြ ရဦးမှာ ဖြစ်ပါတယ်။

စကားလုံးတစ္ဆေများ အခြောက်မခံရစေလို

၂ဝ၁ဝ ရွေးကောက်ပွဲတွေ မတိုင်မီကတည်းက ကျွန်တော်နဲ့ ရင်းနှီးတဲ့ State Department က မိတ်ဆွေ တချို့၊ ကွန်ဂရက်က မိတ်ဆွေ တချို့ကို ပြောဖူးတာ ရှိပါတယ်။ ဘားမားလို့ ခေါ်တာကို မင်းတို့ အစိုး ရက ဘာဖြစ်လို့ ခါးခါး သီးသီး ဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ပြောဖြစ်တာပါ။ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းနဲ့ အမျိုးသားရေး စိတ်ဓာတ်ကို ကျွန်တော် ရှင်းပြခဲ့ပါတယ်။ ဒီတော့ သူတို့က ပြော ပါတယ်။ အဓိပ္ပာယ်က ပညတ်နဲ့ ပရမတ် ခွဲခြားသိဖို့ ဆိုတဲ့ အ ဓိပ္ပာယ်မျိုးပါ။ ဒီတော့ ကျွန်တော် သူတို့ကို ပြောပြပါတယ်။ ''ကောင်းပြီ မစ်ချယ်၊ မင်းနာ မည် မစ်ချယ်ကို ငက မခေါ်ဘူး၊ မင်းကို မင်းနာမည် မဟုတ်တဲ့ ကလင်တန်လို့ ခေါ်မယ် မင်းကြိုက်မလား၊ လက်ခံ နိုင်သလား'' ဆိုတော့ သူတို့ သ ဘောပေါက် သွားပါတယ်။ ပြီးတော့မှ ကျွန်တော် ရှင်းပြပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာ တပ်မတော် ဟာ တစ်ဆက် တစ်စပ် တည်း ဖြစ်နေတဲ့ အနေအထားကို နားလည်အောင်ပါ။ နောက်တစ်ခုက စစ်သားတွေရဲ့ ပင်ကိုဗီဇ အကျင့် စရိုက်တွေကို နားလည်ဖို့ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ ရေး တည်ဆောက်ချင်ရင် စကားလုံး တစ္ဆေ ခြောက်သလို မဖြစ်စေဖို့၊ ဘားမားလို့ ခေါ်လိုက် တာနဲ့ ကိုလိုနီ နယ်ချဲ့တွေကို ပြန်ပြောင်း သတိရတတ်တဲ့ စိတ်ဓာတ်ကို နားလည် ထားဖို့ လိုအပ်တယ် ဆိုတာကို ကျွန်တော ရှင်းပြခဲ့ ဖူးပါ တယ်။

United States ဟာ ကျွန်တော်တို့လို ပြည်တွင်းစစ်တွေ ဖြစ်ခဲ့ဖူးပေမယ့်လည်း စစ်ပွဲရဲ့ နောက်ခံ အကြောင်းရင်းတွေက လုံးဝမတူပါဘူး။ ပြီး တော့ အမေရိကန် လူမျိုး ဆိုတာ သူတို့မှာ မရှိပါဘူး၊ အမေရိကန် နိုင်ငံသား ဆိုတာပဲ ရှိပါတယ်။ အင်္ဂလိပ် ကိုလိုနီကို သူတို့ရော ကျွန်တော်တို့ပါ တွန်းလှန် တိုက်ခိုက် ခဲ့တာချင်း တူပေမယ့် အခြေအနေချင်း မတူပါဘူး။ အစဉ်အဆက် နိုင်ငံသား စိတ်ဓာတ် ရင့်မာခဲ့တဲ့ သူတို့နိုင်ငံနဲ့ အစဉ် အဆက် လူမျိုးရေး စိတ်ဓာတ် ရင့်မာခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံ မျဉ်းတန်း သဘော မဟုတ်တဲ့ အကြောင်း ကျွန်တော် ရှင်းပြခဲ့ပါတယ်။ ဗမာလူ မျိုး ဆိုတာ တိုင်းရင်းသား များစွာထဲက တစ်ခုသာ ဖြစ်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်ကရော ဒေါ်အောင်ဆန်းစုကြည်ကပါ ထုတ်ဖော် ပြောကြား ခဲ့တဲ့ အချိန်က ကျွန်တော် အရမ်းပဲ အံ့သြ ဝမ်းသာခဲ့ရတာပါ။ အဲဒီအချိန်မှာ ကျွန်တော့် ရင်ထဲမှာ ယုံကြည် ချက် တစ်ရပ် ထွက်ပေါ် လာခဲ့ပါတယ်။ ''ကြုံတောင့် ကြုံခဲ စံနမူနာ ယူစရာ အတိတ် သမိုင်းကြောင်းတွေ ရှိတဲ့ ခေါင်းဆောင်ကြီး နှစ်ယောက် ကျွန်တော်တို့ တွေ့ရှိခဲ့ ပါပြီ။ ပြီးတော့ နိုင်ငံ့ အရေးနဲ့ ပတ်သက်လို့ စဉ်းစား တွေးခေါ်ပုံ၊ လုပ်ပုံ ကိုင်ပုံတွေ တော်တော် များများ တူညီ နေတာကိုလည်း တွေ့ခဲ့ရ ပါပြီ၊ ကျွန်တော်တို့ နိုင်ငံ အတွက် အကောင်အထည် ပေါ်လာဖို့ အရမ်း ခက်ခဲလှတဲ့ ဘက်နှစ်ဖက်စလုံးက ဘုံအ ကျိုးစီးပွား အတွက် ရည်ရွယ် ပြီး ဒီခေါင်းဆောင်ကြီးနှစ်ဦးစလုံးက ဆုပ်ထားတဲ့ လက်သီးဆုပ်တွေ ဖြေလျှော့ ပေးခဲ့ကြပါပြီ၊ ဒီလိုမျိုး သမိုင်းနဲ့ ချီပြီး ရခဲလှတဲ့ ခေတ်ကာ လမှာမှ ကျွန်တော်တို့နိုင်ငံ မပေါင်း စည်းနိုင်ရင် နောင်ဘယ်တော့မှ ပေါင်းစည်းနိုင်မှာမဟုတ်တော့ဘူး ဆိုတဲ့အသိ၊ ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှု ကျိန်းသေပေါက် ရလာမယ် ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။''

Rule of law ကို ဆောင်ကြဉ်းပေးပါ

ကျွန်တော်တို့ နိုင်ငံမှာ အတော မသတ်နိုင်တဲ့ လုပ်စရာတွေ အများကြီးပါ။ ဒီအတွက်လည်း ခေါင်းဆောင်ကြီး နှစ်ဦးစလုံး သေချာပေါက် ကြိုး ပမ်း အားထုတ်ရမှာပါ။ အရေးကြီးတာက ဒီခေါင်းဆောင်ကြီး နှစ်ဦးလုံး အလေးထားတဲ့ Rule of law ပဲ ဖြစ်ပါတယ်။ ပြန်ပြီး ကြည့်ရင် ကျွန် တော်တို့ နိုင်ငံရဲ့ တရားစီရင်ရေး စနစ်၊ ဗျူရိုကရေစီ စနစ်တွေဟာ အင်္ဂလိပ် ကိုလိုနီတွေက အုတ်မြစ် ချခဲ့တာ ဖြစ်ပါတယ်။ အ ကုန်လုံးမ ကောင်း ဟုမဆိုလို သော်လည်းပဲ ကိုလိုနီတွေရဲ့ အကျင့်အတိုင်း အုပ်ချုပ်သူ အလိုကျ တရား စီရင်ပေးနိုင်တဲ့ တရားရေး စနစ်ကို ကျင့်သုံး သွားခဲ့တာ ဖြစ်ပါတယ်၊ ကျွန်တော် အခု ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ တရားသူကြီး တစ်ဦးတည်းအပေါ်မှာစီရင်ပိုင်ခွင့် အပ်နှင်း ထားခြင်း မရှိတဲ့ ဂျူရီစနစ်ကို ကျင့်သုံး နေတာ ဖြစ်ပါတယ်။ တရား သူကြီးဟာ ဂျူရီ လူကြီးတွေရဲ့ အပြစ်ရှိ /မရှိ ဆုံးဖြတ်ချက် အပေါ် မူတည် ပြီးစီရင်ချက် ချရတာ ဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှခဲ့တဲ့ အတွက် ကျွန်တော်တို့ရဲ့ တရား စီရင်ရေး စနစ်ဟာ အုပ်ချုပ်သူ အလိုကျ စနစ် တစ်ရပ်လိုမျိုး ဖြစ်ခဲ့တာ လည်း အမှန်ပဲ ဖြစ်ပါတယ်။

ကျွန်တော် ရောက်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသားတိုင်းဟာ အခြေခံဥပဒေကို ကောင်းကောင်း နားလည်တယ်၊ ထုတ်ပြန် ထားတဲ့ ဥပဒေတွေကို သိရှိထားတယ်၊ ဥပဒေ ပြုရေးနဲ့ လွှတ်တော် အမတ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် လေ့လာ ကြတယ်။ တစ်ဖက်ကလည်း နိုင်ငံသား တာဝန်ကို ကျေပွန်အောင် နေထိုင်ကြတယ်။ နိုင်ငံရေး သမားတွေ၊ လွှတ်တော် အမတ်တွေ၊ အစိုးရ အ ရာရှိ ကြီးတွေအားလုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေတွေကို အလွတ်နီးပါး မှတ်သား ထားကြတာကိုလည်း တွေ့ရှိရတယ်။ ပြောရ ရင် Civic education အရမ်းကို မြင့်မားနေပါပြီ။ ကျွန်တော် တို့ နိုင်ငံမှာတော့ Civic education ကို တွန်းတင် ရဦးမှာ ဖြစ်သလို Capacity building ကိုလည်း မြှင့်တင်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို အဆင့်မျိုး ရောက်ဖို့ ကျွန်တော်တို့ ခရီးရှည်ကြီး လျှောက်ကြ ရဦးမှာပါ။ ဒီခရီး ရှည်ကြီး ဟာလည်း ပန်းခင်း လမ်းတော့ မဟုတ်တာ သေချာ နေပါတယ်။

ကျွန်တော်တို့ရဲ့ ပြည်သူတွေ Civic education မြင့်တက်လာဖို့ အစိုးရမှာရော၊ နိုင်ငံရေး ခေါင်းဆောင်တွေရော၊ လွှတ်တော် အမတ်တွေရော၊ Civil Society တစ်ခုလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုမှာ ဖြစ် ပါတယ်။ ပြည်သူတွေကို နိုင်ငံရေး သမားတွေက လမ်းပြပေးရတာ ဖြစ်ပါ တယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလ ဒီမျှအထိ ခရီး ပေါက်ခဲ့တာကို အတော်လေး အစကောင်း နေပါပြီ။ ရှင်းရှင်းပြော ရရင် ကျွန်တော် တို့အပါအဝင် အတော်များများဟာ ဒီအခြေအနေအထိ မျှော်လင့်ခဲ့ကြတာ မဟုတ်ပါဘူး။ ပညာရှိ သတိ ဖြစ်ခဲ ဆိုသလို အသေး အမွှား လေးတွေ ကိုလည်း ဂရုစိုက်ဖို့ တင်ပြလိုခြင်း ဖြစ်ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံသားတွေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာဖို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့် အရေး တွေကို အပြည့်အဝ ရရှိဖို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီတွေမှာ တာဝန် ရှိပါတယ်။ ပြီးတော့လည်း ဒီဦးဆောင်မယ့် ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က စံနမူနာပြ နေထိုင် လုပ်ကိုင်ကြဖို့ လိုပါတယ်။

ကျွန်တော် ဘာဖြစ်လို့ ဒီလောက်ထိ ရှင်းလင်း နေရသလဲ ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၂ မှာ “နိုင်ငံ တော်ကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဟု ခေါ်တွင် ရမည်” The state shall be known as the Republic of the Union of Myanmar ဆိုပြီး အတိအလင်း ပြဋ္ဌာန်း ထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ အစိုးရနဲ့ ပြည်သူ လူထု အကြား၊ အစိုးရနဲ့ လွှတ်တော် အကြား၊ အစိုးရနဲ့ နိုင်ငံရေး ပါတီ အကြား၊ နိုင်ငံရေး ပါတီနဲ့ နိုင်ငံသားတွေ အကြား အပြန်အလှန် ဆက်ဆံရမယ့် စည်းမျဉ်းတွေကို သတ်မှတ် ပေးထားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ နိုင်ငံတိုင်းမှာ အမြင့်ဆုံးသော ပဋိညာဉ် ပြာန်းချက် ဖြစ်တဲ့ အ တွက် အဲဒီ နိုင်ငံမှာရှိတဲ့ သမ္မတ၊ ဝန်ကြီးချုပ်တွေ အပါအဝင် နိုင်ငံသားတိုင်းက လိုက်နာကြရမယ့်၊ စည်းနှောင် မှုရှိတဲ့ ဥပဒေဖြစ်ပါတယ်။ အမှိုက် ကစ ပြာသာဒ် မီးလောင်တဲ့ အဖြစ်မျိုး မဖြစ်စေချင်သလို နှစ်ဦး နှစ်ဖက် နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ထိခိုက် နစ်နာ သွားမှာကိုလည်း ကျွန်တော့် အနေနဲ့ အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။

အလုပ်အကိုင်တွေ ဖန်တီးပေးကြပါ

ကျွန်တော်တို့လို ပြည်ပ ရောက်နေတဲ့ သူတွေဟာ အိမ်လွမ်း ဝေဒနာကို ပိုပြီး နားလည် စာနာ နိုင်ကြပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ အမျိုး မျိုး အဖုံဖုံ ကြုံရာ လုပ်ကိုင် နေကြရတဲ့ ကျွန်တော်တို့ နိုင်ငံသား တွေ အားလုံးရဲ့ ရင်ထဲမှာ ကျွန်တော်တို့ နိုင်ငံကို အဲဒီ နိုင်ငံတွေထက် သာလွန် မြင့်မား စေချင်တဲ့ ဆန္ဒတွေ ကိုယ်စီ ကိုယ်စီ ရှိနေကြပါတယ်။ ဒါဟာ နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ တ ကယ်လို့များ ကျွန်တော်တို့ နိုင်ငံမှာ ဒီနိုင်ငံတွေ မှာရတဲ့ လုပ်ခ၊ လစာ၊ ဒီနိုင်ငံတွေမှာ ရရှိတဲ့ အာမခံချက်၊ ဒီနိုင်ငံတွေမှာ ရရှိနေတဲ့ လူနေမှု စနစ်တွေ ရရှိ ဖြစ်ပေါ် လာပြီ ဆိုရင် ဘယ်သူမှ မိဝေး ဖဝေး လုပ် ကိုင် ကြမှာ မဟုတ် ပါဘူး။ ကိုယ့်နိုင်ငံမှာ ကိုယ့်မိဘ၊ ဆွေမျိုးမိတ်ဆွေ အသိုင်း အဝိုင်း တွေနဲ့ စိတ်အေး ချမ်းသာ ပြန်လည် လုပ်ကိုင် ကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် ခေါင်းဆောင်ကြီး နှစ်ဦးရဲ့ ဘုံအကျိုး စီး ပွားဖော်ဆောင် မှုကြောင့် ကျွန်တော်တို့ နိုင်ငံ အလား အလာ ကောင်းနေ ပါပြီ။ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတွေကို အမီ လိုက်နိုင်ဖို့ (ဗိုလ်ချုပ် အောင်ဆန်း စကားနဲ့ ဆိုရင်) ပြဲနေအောင် လုပ်နိုင်မှ တန် ကာကျမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ သားတွေ အလျင်လို နေကြ ပါပြီ။ ကျွန်တော်တို့ နိုင်ငံ ဟာလည်း တိုးတက်ချိန် တန်နေ ပါပြီ။

ထိုင်းဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ စွမ်းအင် ဝန်ကြီးကပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် ရင်းနှီး မြှုပ်နှံမှုတွေ ဖန် တီး ပေးဖို့ ဖိတ်ခေါ် လိုက်တဲ့ အချိန်မှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံ သူတွေ ခေါင်း တဆတ်ဆတ် ညိတ်ပြီး သွားဖို့ ဟန်ပြင် လာကြပါပြီ။ ဒီအချိန်မှာ ရင်းနှီး မြှုပ်နှံသူတွေကို သံသယတွေ၊ မသေချာမှုတွေ ဖြစ်ပေါ် လာအောင် ဘယ်သူကမှ မလုပ်သင့်ပါဘူး။ ရင်းနှီး မြှုပ်နှံသူ တွေရဲ့ ယုံကြည်မှုဟာ ရွှေငွေရတနာတွေထက် ပိုပြီး အဖိုး ထိုက်တန်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ စွမ်းအင် မလုံလောက်မှုကြောင့် ဆန္ဒပြတာတွေ၊ လုပ် ခလစာ နိမ့်ပါးမှုကြောင့် ဆန္ဒပြတာတွေ သတင်းတွေမှာ ဟိုးလေး တကျော်ကျော် ဖြစ်နေတာ တွေ့ရှိရပါတယ်။ အမေရိကန် စီးပွားရေး လုပ်ငန်း ရှင် တစ်ယောက်က ကျွန်တော့်ကို ဒီအကြောင်း မေးပါတယ်။ မင်းတို့နိုင်ငံမှာ မီးလည်း မလောက်င၊ အလုပ်သမား တွေကလည်း ဆန္ဒ ပြ ကြနဲ့ ငါတို့ သွားပြီး စက်ရုံတည်ဖို့ ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းပါ။

ကျွန်တော်ကတော့ ဒါတွေဟာ အခုမှ ဖြစ်တာ မဟုတ်ကြောင်း၊ အရင်ကလည်း ဒီလိုပဲ ဖြစ်ခဲ့တာ ကြာပြီ ဆိုတဲ့ အကြောင်း၊ အခုမှ ဘာဖြစ်လို့ ဖြစ်လာရသလဲ ဆိုတော့ နိုင်ငံရေးစနစ် တိုးတက် ပြောင်းလဲ လာသလို ပြည်သူတွေရဲ့ အခွင့်အရေးတွေ တိုးတက် ရရှိလာတာ ဖြစ်တဲ့ အ ကြောင်း၊ ဒါတွေဟာလည်း လက်ရှိ နိုင်ငံတော် သမ္မတကြီး ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ လမ်းဖွင့် ပေးမှုတွေပဲ ဖြစ်ကြောင်း၊ ဒီမိုက ရေစီ နိုင်ငံ တွေမှာ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဟာ မထူးဆန်း တော့ကြောင်း အတော်ကလေး ရှင်းပြခဲ့တော့ သူကိုယ်တိုင်လည်း လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော် စိုးရိမ်မိပါတယ်။ သူတို့ စိတ်ထဲမှာ သံသယတွေ ဖြစ်နေပါပြီ။ သူတို့ စိတ်ထဲမှာ မယုံကြည်မှုတွေ ဖြစ်နေပါပြီ။ ကျွန်တော့် အနေနဲ့ အစိုးရကိုလည်း အပြစ် မတင်သလို ဆန္ဒ ပြသူတွေကိုလည်း အပြစ်မတင်ပါဘူး။ ဒါတွေဟာ ရှောင်လွှဲ မရတဲ့ အ ခြေအနေတွေ ဖြစ်ပါ တယ်။ စွမ်းအင် ပြဿနာဟာ ဖြေရှင်းလို့ ရပါတယ်။ ထိထိ ရောက်ရောက် ဖြေရှင်းပေးပြီး ရေရှည် တည်တံ့တဲ့ စွမ်းအင် မဟာ ဗျူဟာနဲ့ဆိုရင် ရပါတယ်။ လုပ်ခ လစာတွေဟာလည်း ဥပ ဒေနဲ့ အညီ ညှိနှိုင်း ဖြေရှင်း သွားလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်င အပေါ် ရင်းနှီး မြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာကိုပဲ စိုးရိမ်မိပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်လို ပုဂ္ဂိုလ်၊ ဘယ် လို အဖွဲ့ အစည်းမျိုးကမှ ဒီလမ်း ကြောင်းတွေ ပိတ်ဆို့ သွားအောင် မလုပ်သင့်၊ မပြောသင့်ဘူးလို့ ခံစားမိပါတယ်။

ဒီဖိုရမ်မှာ တက်ခဲ့ကြတဲ့ သူတွေဟာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ အများစု ဖြစ်ပါတယ်။ သူတို့ထဲက အတော် များများဟာ မြန်မာနိုင် ငံ မှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့၊ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတဲ့ သူတွေ ဖြစ်ပါတယ်။ ဖိုရမ်ကို ကိုယ်တိုင် မတက်နိုင် သော်လည်း ဖိုရမ် သတင်းတွေ စောင့်ကြည့်နေတဲ့ လုပ်ငန်းရှင်တွေ အများကြီး ရှိပါတယ်။ သူတို့ကို မြန်မာနိုင်ငံကို အ ကောင်း မမြင်ဖို့ ပြောကြားချက်၊ ရင်းနှီး မြှုပ်နှံမှုတွေ အတွက် အာမခံချက် ရှိတဲ့ ဥပဒေစိုးမိုးမှု မရှိဘူး ဆိုတဲ့ ပြောကြားချက်တွေ ပြောကြား လိုက်ခြင်းဟာ ဖွင့်ထားတဲ့ တံခါးကို ကိုယ့်ဘာသာ ပြန်ပိတ်သလို ဖြစ်သွားမှာ ကျွန်တော် အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။ နိုင်ငံ့ ခေါင်းဆောင်တွေက ကျွန်တော့် ထက် ပိုပြီး နိုင်ငံနဲ့ ပြည်သူအပေါ် ချစ်ကြတယ်လို့ ကျွန်တော် တစ်ထစ်ချ ယုံကြည်ပါတယ်။ နိုင်ငံမှာ နေတဲ့သူနဲ့ အပြင်ရောက် နေတဲ့ သူတွေမှာတောင် ခံယူချက် ကွာခြား နေတာမျိုးတွေ ရှိတတ်ပါတယ်။ မင်းက အပြင်မှာ နေပြီး ဘာတွေ စိုးရိမ် နေတာလဲလို့ ကျွန်တော့်ကို ပြောလာ ရင်လည်း ကျွန်တော် ခံယူ ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ လက်ရှိ မြန်မာနိုင်ငံ ရောက်ရှိ ဖြတ်သန်း နေတဲ့ ပစ္စုပ္ပန် ကာလပဲ ဖြစ်ပါတယ်။

သံသယအမှောင်တိုက်များ ပြယ်လွင့်ပျောက်ပျက်ရေး

ကျွန်တော်တို့ နိုင်ငံ ဒီလိုမျိုး မျှော်လင့်ချက်တွေ စတင် ဖြစ်ပေါ်လာတာ၊ ဒီလိုမျိုး အိပ်မက်တွေ စပြီး မက်နိုင်တာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး နိုင်ငံနဲ့ ပြည်သူ လူထုရဲ့ ဘုံအကျိုး စီးပွား အတွက် ပေါင်းစည်း နိုင်ခဲ့ချိန် ရောက်မှ ဖြစ်ပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းမှာလည်း တစ်သက်မှာ တစ်ခါဆို ဆိုသလောက် ရခဲလှတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒီလို ဖြစ်ပေါ်လာတဲ့ ရွှေ ရောင် မျှော်လင့် ချက်တွေ မှေးမှိန် ပျောက်ကွယ် သွားမှာကိုလည်း ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ဒီလိုမျိုး အိပ်မက် မက်ခွင့် ရရှိဖို့ နှစ်ပေါင်း များစွာ စောင့်ဆိုင်း ခဲ့ရတာ ဖြစ်ပါ တယ်။ သမိုင်းကြောင်း လည်ပြန်ကြည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာ သံသယ အမှောင် တိုက် တွေ ဖုံးလွှမ်းခဲ့တဲ့ အတွက် ပြည်တွင်း စစ်မီး လျှံတွေ၊ ဆင်းရဲ နွမ်းပါးမှု တွေနဲ့ အဆိုး သံသရာ လည်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အ လယ်မှာ မြန်မာနိုင်ငံ ပြန်လည် ဦးမော့စ ပြုလာတာ မကြာသေးပါဘူး။ ကျွန်တော် ဆိုရင်လည်း အသက်ကြီးနေပါပြီ။ ကျွန်တော့် အမိမြေ မြန်မာနိုင်ငံကို ပြန်လည် အလုပ် အကျွေးပြုရင်း မွေးရပ် ဇာတိ မှာပဲ အေးအေး ချမ်းချမ်း ခေါင်းချ သွားလိုတဲ့ ဆန္ဒ ရှိပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ကျွန်တော် တို့လို ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေ စိတ်ချ ယုံကြည်စွာ ပြည်တော် ပြန်နိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေ ထုတ်ပြန် ပေးဖို့လည်း အကြံ ပြုလို ပါတယ်။

ကမ္ဘာ့သမိုင်းကြောင်းမှာပဲ ဖြစ်ဖြစ်၊ မြန်မာ့ရာဇဝင်မှာပဲဖြစ်ဖြစ် ခေါင်းဆောင် ကောင်းတွေရဲ့ ဦးဆောင်မှုအောက်မှာ အဲဒီနိုင်ငံတွေ ထွန်းတောက် ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အတွက် မျှော် လင့်ချက် ခေါင်းဆောင် နှစ်ဦး ပေါ်ထွန်းလာပြီလို့ ကျွန်တော့် အနေနဲ့ အခိုင်အမာ ယုံကြည် ထားပါတယ်။ ဒီ ခေါင်း ဆောင် နှစ်ဦး အပေါ်မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အားကိုး တကြီး ပုံအပ်ထားတာ ဖြစ်ပါတယ်။ ဒီခေါင်းဆောင်ကြီး နှစ်ဦးစလုံး တစ်ဦးအပေါ် တစ်ဦး ယုံယုံ ကြည်ကြည် နားလည်မှု ရှိရှိ လက်တွဲပူးပေါင်းနိုင်ရေးဟာ နောင်လာမယ့် မြန်မာ နိုင်ငံ အနာဂတ်နဲ့ အခိုင်အမာ ဆက်နွှယ်နေတာ ဖြစ် ပါတယ်။ ဒီခေါင်းဆောင်ကြီး နှစ်ဦး အကြားမှာ၊ ဒီခေါင်းဆောင်ကြီးနှစ်ဦးရဲ့ နောက်က လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ကြားမှာ သမိုင်း နွံနစ်မယ့် သံသယတွေ မဖြစ်စေ ချင်တာ အရိုးခံ ဆန္ဒပါ။ ဒီအတွက် စိတ် ပူပင် ရတာ တွေလည်း ကျွန်တော်တို့ မဖြစ်ချင် တော့ပါ။ သမ္မတ ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ရဲ့ နှစ်ဦး နှစ်ဖက် အပြန်အလှန် ယုံကြည် မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ဖြစ်ပါတယ်။ ခေါင်း ဆောင်ကြီး နှစ်ဦးဟာ ကျွန်တော်တို့ထက် ပိုမိုပြီး အနာဂတ်ကို သိမြင် မှန်းဆ နိုင်မှာ ဖြစ်တယ်လို့ ကျွန် တော့် အနေနဲ့ အခိုင်အမာ ယုံကြည် ထားပါ တယ်။ ဒါ့ကြောင့်လည်း သံသယ ဆိုတဲ့ နေရာမှာ မြူမှုန် တစ်စ ပမာဏ တောင် အစ မပြုစေ ချင်တာ အမှန်ပါ။

နိဂုံး

ကျွန်တော် ရောက်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးသမား အတော် များများ (ရီပတ်ဘလီကင်ရော၊ ဒီမိုကရက်ပါ) မြန်မာ့အ ရေးကို အတော်ကလေး စိတ်ဝင်စားနေတာ တွေ့ရှိရပါတယ်။ အခု နှစ်ကုန်ပိုင်းမှာ သမ္မတ ရွေးကောက်ပွဲ အတွက် အဆုံးအဖြတ် ပေါ်ထွက် လာတော့မှာ ဖြစ်ပြီး သတင်းများ အရ အိုဘားမားက အလေးသာ နေပါတယ်။ ဒါပေမယ့် အိုဘားမား ဆက်လက် တာဝန် ယူသည် ဖြစ်စေ၊ မစ်ရွန်းနီ တက်လာသည် ဖြစ်စေ ကျွန်တော်တို့ နိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကတော့ ပိုပြီး ပျော့ပျောင်း၊ ပိုပြီး ကောင်းလာဖို့သာ ရှိပါတယ်။ အမြင်တွေ၊ သဘောထားတွေ ပြောင်းလဲနေတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ တချို့ဆိုရင် Sanction ကို fully lift လုပ်ဖို့ တိုက်တွန်း နေကြတာ ရှိသလို တချို့ဆိုရင် ကချင်ပြည်နယ် သေနတ်သံတွေ စဲသွားရင် တိုင်းပြည် ငြိမ်းချမ်းဖို့ ရောင်နီ ပေါ်ထွက် လာတော့မယ်လို့ ထုတ်ဖော် ပြောကြား နေတာတွေ ရှိပါတယ်။

သူတို့ရဲ့ နှီးနှော ဖလှယ်ပွဲတွေမှာ မြန်မာ့အရေး ကျွမ်းကျင်သူတွေ နေရာ အတော် ရလာတာလည်း တွေ့ရှိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရက်တိုင်ဇေးရှင်းက မိုဒယ်လ် အသစ် ဖြစ်လာ နေတာကြောင့်ပါပဲ။ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ငြိမ်းချမ်းစွာနဲ့ စနစ်တကျ ကူးပြောင်း နိုင်ခဲ့တဲ့ လမ်းစဉ် အသစ်ကြောင့်ပါပဲ။ ပညာရှင်တွေ အကြားမှာလည်း မြန်မာ့ လမ်းစဉ်ဟာ ရေ ပန်းစား နေပြီ ဖြစ်ပါတယ်။ သူတို့အားလုံး တညီ တညွတ်တည်း လက်ခံထားတာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုနဲ့ တစ်ချိန်တည်း စီးပွားရေး ပြုပြင် ပြောင်းလဲမှု လိုက်ပါ ပြောင်း လဲ နိုင်ဖို့၊ ဖြစ်ပေါ် လာတဲ့ အပြောင်းအလဲမှာ မြန်မာ့ စီးပွားရေး ဦးမော့မှကို ဖြစ်မယ်၊ မြန်မာ့ စီးပွားရေး ဦးမော့ဖို့ ကြာရှည်နေမယ်၊ နှောင့်နှေး နေမယ် ဆိုရင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ သိပ်ကောင်း လာမယ် ဆိုတဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ (ဒါ့ကြောင့်လည်း သူတို့က စီးပွားရေးဘက်ကို အထောက် အက ပေးလာ နေတာပဲ ဖြစ်ပါတယ်။)

ဒီမှန်းဆချက်ဟာ မှန်ပါတယ်။ နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲတာ နှစ်နဲ့ချီ နေတောင်မှ လူမှု စီးပွားရေး တိုးတက် ပြောင်းလဲ မလာဘူး ဆိုရင် ဒီနိုင်ငံရေး စနစ်အပေါ်မှာ ပြည်သူတွေ သံသယ ဖြစ်လာ နိုင်ပါ တယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အကြီးမားဆုံးသော ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့ မျှော်လင့်ချက် ခေါင်းဆောင် နှစ်ဦး စလုံးကို ကျွန်တော့် အနေနဲ့ အနူးအညွတ် မေတ္တာ ရပ်ခံချင် တာက ကျွန်တော် တို့ နိုင်ငံရဲ့ အနာဂတ်ကို စိုးပိုင်ထားတဲ့ စီးပွားရေး ဦးမော့လာရေးကို ဆောင်ကြဉ်းပေးပါ။ ကျွန်တော်တို့ရဲ့ အလုပ်လက်မဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးပါ။ ကျွန်တော်တို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အချိန်တိုတို အတွင်း ပေါ်ထွက် လာဖို့ ရင်းနှီး မြှုပ်နှံ မှုတွေ လက်ခံ ပေးပါ။

ကျွန်တော်တို့ ပြည်သူတွေရဲ့ အနာဂတ်ဟာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ကြီး နှစ်ဦး အပေါ်မှာ တည်မှီ နေတယ် ဆို တာကို သတိ မလွတ်စေဘဲ နားလည်မှု၊ ယုံကြည်မှု ခိုင်မာစွာနဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက် ပေးကြပါ။ မြန်မာ့နိုင်ငံရေးမှာ လွတ်လပ်ရေး ရရှိပြီး ကတည်းက ပေါ်ပေါက်ခဲ့တဲ့ သူ့ဘက်၊ ကိုယ့်ဘက်ဆိုတဲ့ ဘက်အမြင်တွေ၊ ဘက်အတွေးတွေ၊ ဘက်အစွဲတွေ ကင်းဝေးပြီး ပြည်သူ့ဘက် တစ်ဖက်တည်းကိုပဲ ရှေးရှု ဦးတည်ကြတဲ့ နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ကို ဆောင်ကြဉ်း ပေးပါလို့ ကျွန်တော့် အနေနဲ့ တောင်းဆို လိုက်ရ ပါတယ်။ ကျွန်တော်တို့ အိပ်မက်တွေ လက်တွေ့ အကောင် အထည် ပေါ်လာပါစေ။ ။

No comments: