Sunday, June 17, 2012

စစ်တွေ- ဘူးသီးတောင် ရေကြောင်းလိုင်း သင်္ဘော စတင်ပြေးဆွဲ

ထွန်းထွန်း

ဆူပူ အကြမ်းဖက်မူများကြောင့် ကုန်လမ်း ရေလမ်း သွားလာမူများကို ပိတ်ထားခဲ့ရာမှ ယခုအခါ ရခိုင်ပြည်နယ်၏ အဓိက ရေကြောင်း လိုင်း တစ်ခု ဖြစ်သော စစ်တွေ- ဘူးသီးတောင်း သင်္ဘောလိုင်းကို စတင် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အခြေအနေ နည်းနည်း ငြိမ်သက် လာသည့်အတွက် ဇွန်လ ၁၆ရက်နေ့မှ စတင်ကာ သင်္ဘောများ ပြေးဆွဲခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ဒေ သ ခံများက ပြောသည်။

“ ဆူပူ အကြမ်းဖက်မူတွေ ဖြစ်ကတည်းကနေ ရေလမ်းကြောင်း အားလုံးကို အစိုးရကပိတ်ထား လိုက်ပါတယ်။ အခြေအနေ နည်းနည်း တည် ငြိမ်လာတဲ့အတွက် ဇွန်လ ၁၆ရက်နေ့က စစ်တွ-ဘူးသီးတောင် ရေလမ်းကို စဖွင့်လိုက် ပါ တယ်။ အခု လူတွေ စတင် ခရီးသွားလာနေကြပါပြီ” ဟု ဘူးသီးတောင်မှ ကုန်သည်တဦးက ပြောသည်။

ဆူပူ အကြမ်းဖက်မူများကြောင့် သင်္ဘော၊ ကားအသွားအလာများ လုံးဝ ရပ်တန့်သွားသဖြင့် တချို့ဒေသများတွင် စားသုံးကုန်များ ရှားပါး သွား ခဲ့သည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဆန်နှင့် စားသုံးကုန်ပစ္စည်းများ အထူးမြှင့်တက်သွားကာ ငွေရှိသော်လည်း ၀ယ်ယူ၍ မရသော အခြေအနေထိ ဆိုက်ရောက် သွားခဲ့သည်။

“ သင်္ဘောလိုင်းတွေ ပြန်ဖွင့်လှစ်တော့ ဆန်တွေ ပါလာတယ်။ စားသုံးကုန်တွေ ပါလာတော့ ဒီမှာ ကုန်ဈေးနုန်းတွေ ကျသွားနိုင်ပါတယ်။ လူတွေ အကုန်လုံး မျှော်လင့်နေတာက ပုံမှန် အခြေအနေကို ပြန်ရောက်ရေးဘဲ ဖြစ်ပါတယ်။ အခု သင်္ဘောလည်း လာပြီဆိုတော့ အခြေအနေ အေး ဆေးတည်ငြိမ်လာတဲ့ သဘောပါ” ဟု ကုန်သည်က ဆက်ပြောသည်။

လက်ရှိ အခြေအနေတွင် စစ်တွေ နှင့် မောင်တောမြို့များတွင် အခြေအနေ ငြိမ်သက်မှု မရှိသေးသော်လည်း ဈေးဆိုင်တချို့ စတင် ဖွင့် လှစ် ရောင်း ချနေပြီဟု သိရသည်။

ကျန်ရှိနေသည့် တချို့ရေလမ်းကြောင်းလိုင်းများကိုလည်း အခြေအနေ အပေါ်မှာမူတည်ပြီး များမကြာမီ စတင် ဖွင့်လှစ်ပေးတော့မည်ဟု သိရ သည်။

No comments: