Wednesday, June 6, 2012

ရန်ကုန်တိုင်း အစိုးရ ဗကသ ခေါင်းဆောင်များကို ဖိတ်ကြားဆွေးနွေး

အေး​နိုင်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးက ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ဗဟို လုပ် ငန်း ကော်မတီဝင် တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ် ထားပါတယ်။

ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ အဲဒီရုံးကို ရောက်နေတဲ့ ကော်မတီဥက္ကဋ္ဌ ကို ကျော်ကိုကို က ဆွေးနွေးပွဲမစတင်ခင် ဖိတ်ကြားတဲ့အကြောင်းအရာကို ခုလို ပြောပါတယ်။

“ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော် မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ရှင်းပြရန်တဲ့။ ဗဟိုစည်းရုံးရေး ကော်မ တီဝင် အားလုံးလို့ စာထဲမှာ ပါတယ်။ ကျနော်တို့ ရပ်တည်ချက်ကို သိချင်လို့ ခေါ်မေးတာကို ကျနော်တို့က သဘောကျပါတယ်။ သူတို့ ဘက်က လည်း ဘယ်လို သဘောထား ရှိတယ် ဆိုတာ သိခွင့် ရမှာ ဖြစ်တဲ့ အတွက် အောင်မြင်မှု တခုလို့ ယူဆ ပါတယ်။ ဆုံးဖြတ်ချက် ချရမှာက ကျောင်းသားထု ညီလာခံက ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်” လို့ ပြောပါတယ်။

နေ့ခင်း တနာရီ စတင်မယ့် ဒီတွေ့ဆုံပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး အပြင် ကျောင်းသားခေါင်းဆောင်တွေ နေထိုင်တဲ့ မြို့ နယ်တွေက မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို ဗကသ ကော်မတီက ခေါင်းဆောင် ၈ ဦး တက် ရောက် မယ်လို့ ဆိုပါတယ်။

“ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကော်မတီဝင်တွေက ဗကသများအဖွဲ့ချုပ်ဟာ တရားဝင်အဖွဲ့အစည်းဆိုတာ ပြောချင်တယ်။ ကျောင်းသားထုကြားထဲမှာ တရားဝင်တယ်။ ပြီး တော့ ကျနော်တို့ဟာ အရင်ကာလတွေတုန်းကတည်းက မတရားအသင်း ကြေညာခံထားရတာ မရှိဘူး။ သမဂ္ဂဟာ ကျောင်း ပရ၀ုဏ်၊ တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာ သီးခြား မည်သည့် အစိုးရ အဖွဲ့ အစည်း ရဲ့လက်အောက်မှာ မဟုတ်ဘဲနဲ့ လွတ်လပ်စွာ လှုပ်ရှား ရပ်တည် နေတဲ့ အဖွဲ့ အစည်း တခု ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောဖို့ရှိပါတယ်။”

မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းမှုမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေကို ဗကသ အဖွဲ့က မွေးထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီက ကျောင်းသား လှုပ်ရှား မှုတွေကို နှိမ်နင်းခဲ့သလို ရန်ကုန်တက္ကသိုလ်အ၀င်ဝမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖျက် ဆီး ခဲ့ပါ တယ်။

အခုခေါ်ယူဆွေးနွေးဖို့ ဖိတ်ကြားခံရတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် ထောင်ဒဏ် ကျခံ ခဲ့ကြ ရဖူး ပါတယ်။

No comments: