Tuesday, November 20, 2012

ဒု သမ္မတနှင့်အဖွဲ့ ငလျင်ဒဏ်ခံဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းစတင်

ကျော်ခ

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ ငလျင်ဒဏ်ခံခဲ့ရသော ဒေသများကို ပြန်လည် ထူထောင်ရေးအတွက် ဒုတိယ သမ္မတ (၁) ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်ကာ လုပ်ငန်း စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ လုပ်ငန်းတွေက စနေပြီလို့တောင် ပြောလို့ရပါပြီ။ ကယ်ဆယ်ရေးအဆင့်က ရှင်းလင်းမှု တွေလုပ်လို့ ပြီးသလောက် ရှိနေပြီ လေ။ ကျနော်တို့ဘက်ကလည်း ဒီပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ဧရာဝတီသို့ ပြောသည်။

ယခုလလယ်ပိုင်းတွင် “ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒု သမ္မတဒေါက်တာ စိုင်း မောက်ခမ်း၊ ဒု ဥက္ကဋ္ဌ များအဖြစ် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးနှင့် မန္တလေး တိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၊ အတွင်းရေးမှူး အဖြစ် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးဘုန်းဆွေတို့ဖြင့် ဖွဲ့စည်းထားသည်။

ငလျင်ဒဏ်ခံဒေသအတွက် သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ထောက်ပံ့မှုများ ပြုလုပ်မည်ဟုသိရပြီး ပြန်လည် ထူထောင်ရေး ကော်မ တီ အနေဖြင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ လှူဒါန်းနိုင်ရေးအတွက် သက်ဆိုင်ရာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အစိုးရအဖွဲ့တို့က လက် ခံ နေလျက်ရှိကြောင်း ဦးစိုးအောင်က ပြောသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာအကူ အညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)၊ ကု လ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့များကလည်း လူသားချင်း စာနာမှုအကူ အ ညီ များ ပေးရန် ဆက်သွယ်လာမှုများလည်း ရှိကြောင်း သိရသည်။

ငလျင်ကြောင့် ပျက်စီးခဲ့သော စေတီပုထိုး၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများကို ပြန် လည် တည်ဆောက်ရာတွင် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ အကြံအဉာဏ်များကို ရယူကာ ငလျင်ဒဏ်ခံနိုင်မှုရှိရန် နည်းပညာ များကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေက ငလျင်ဒဏ် အကာအကွယ်လုပ်ထားတာ ဘာမှမရှိဘူး၊ အခု ပြန်ဆောက်ပေးမယ့် ဟာ တွေမှာတော့ ငလျင်ဒဏ် အာမခံချက်ရှိတဲ့ နည်းပညာတွေသုံးပြီးပြန်ဆောက်ပေးမှာပါ” ဟု ဦးစိုးအောင်က ပြောသည်။

ငလျင်အန္တရာယ်နှင့် အပျက်အစီး ဆုံးရှုံးမှုများကို ပြန်လည် တည်ဆောက်ရာတွင် အထောက်အကူ ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ ငလျင် ကော်မတီ အဖွဲ့ဝင်များကလည်း အဆိုပါဒေသများ၌ ကွင်းဆင်း ဆောင်ရွက်နေပြီဟု သိရသည်။

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း အင်အား ရစ်ခ်ျတာစကေး ၅.၃ အဆင့်ရှိသော မြေငလျင်တခု သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများ ထပ်မံပြိုကျမှုများရှိကြောင်း၊ သို့သော်လည်း ကြိုတင် ရွှေ့ပြောင်းထားမှုများကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်၊ သေဆုံးမှုများ မရှိကြောင်း သပိတ်ကျင်းမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်နေသော မန္တလေးတိုင်း အစိုးရအဖွဲ့ ညွှန် ကြား ရေးမှူး ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။

“လူအသေအပျောက် မရှိဘူး၊ ၁၁ ရက်နေ့ကလှုပ်တဲ့ ငလျင်ဒဏ်ကြောင့် အက်ကွဲနေတဲ့ အဆောက် အဦးတချို့တော့ ပြိုကျတာ၊ကွာကျတာ တွေတော့ ရှိတယ်၊ အရမ်း ကြီးကြီးမားမားကြီးတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် ငလျင် ဒေသမှာ ရှိနေပါတယ်” ဟု ဦးကျော်မြင့် က ပြောသည်။

မန္တလေးတိုင်း အစိုးရအနေဖြင့် ထိုဒေသတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စများကို လုပ်ဆောင်နေကြောင်းနှင့် ဒေသ ခံ ကျောင်းသူ၊ ကျောင်းသားများကိုလည်း ယာယီကျောင်းဆောင်များ ဆောက်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း သူက ဆက်ပြော သည်။

ယခုလ ၁၁ ရက်နေ့က ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုတွင် စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့် ကူး၊ ကျောက်ဆည်၊ သပိတ်ကျင်း စသည့်မြို့များရှိ စေတီပုထိုး၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံ တားများ ပျက်စီးခဲ့ပြီး ၁၆ ဦးသေဆုံးကာ ၅ ဦးပျောက်ဆုံးနေသည်။

မူလက နေအိမ် ၂၀၁ လုံး၊ ဝန်ထမ်းအိမ်ရာ ၅၅ လုံး၊ အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်း၊ ဘုရားဈေ တီ ပုထိုး ၄၅ ဆူ၊ ဆေးရုံ ဆေးပေးခန်း ၁၃ ခု၊ ရတနာသိင်္ဃတံတား တည်ဆောက်ရေး ဆိပ်ခံဗောတံတား ၁ ခုနှင့် ထရန်စဖော်မာ ၅ လုံး ပျက်စီး ခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း မကြာခန ငလျင်သေးများ ထပ်မံ လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ပျက်စီးမှု ထပ်တိုး လာ နေကြောင်း အစိုးရက ပြောသည်။

လတ်တလောတွင် ငလျင်ဒဏ်ကြောင့် အိုးအိမ်ပျက်စီးခဲ့သူများနှင့် စိတ်ချရမှု မရှိသေးသော အဆောက်အုံများတွင် နေထိုင် သူများကို ကွင်း ပြင်များတွင် ယာယီတဲများ ဆောက်လုပ်ပေး၍ အစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာ အဖွဲ့များ၊ လူမှုကူညီရေး အသင်းများ၊ ပြည်တွင်း၊ ပြည်ပ NGO အဖွဲ့များ အပါအဝင် ဒေသဆိုင်ရာ အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီအချို့က အစားအသောက်နှင့် အဝတ်အထည်များ လှူဒါန်း ပေးလျက် ရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၁၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အပျက်အစီးများဖြစ်ပေါ်ခဲ့သည့် အင်အား ရစ်ခ်ျတာစကေး ၆.၅ အထက်ရှိ အင်အား ပြင်း ထန်သော မြေငလျင်များ ၁၆ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း အစိုးရ၏ မြေငလျင်မှတ်တမ်းများ အရ သိရသည်။

၂၀၁၁ ခုနှစ်မတ်လပိုင်းကလည်း ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ပြင်းအား ၇ ရစ်ခ်ျစတာ စကေးရှိ တာလေငလျင်လှုပ် ခတ် ခဲ့ရာ လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

No comments: