Wednesday, November 21, 2012

ဦးသိန်းစိန် က အိုဘားမားကို နှစ်ခု တောင်း

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၂

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ကြုံတောင့်ကြုံခဲ ဖြစ်ပြီး သမိုင်းဝင်ခရီးအဖြစ် မြန်မာသမ္မတ ဦးသိန်းစိန်က ညွှန်း ဆိုကာ သမ္မတ နှစ်ဦး အင်္ဂါနေ့က တွေ့ဆုံစဉ် မြန်မာနိုင်ငံ အတွက် နှစ်ခု လုပ်ပေးရန် တောင်းဆိုခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ၊ ဖ နွမ်ပင်မြို့ တွင် မြန်မာသတင်းမီယာများနှင့်နိုဝင်ဘာ ၂ဝ ရက်နေ့ တွေ့ဆုံစဉ်အတွင်း ဦးသိန်းစိန် က ပြောကြားလိုက်သည်။

ရန်ကုန်မြို့အတွင်း လမ်းများနှင့် လျှပ်စစ်မီး၊ ရေသန့် လုပ်ငန်းများ လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။ ယင်းအပြင် ရန် ကုန်-မန္တလေး လမ်းကိုလည်း ပြုပြင် မွမ်းမံပေးရန် မေတ္တာရပ်ခံထားသည်ဟု သမ္မတကပြောသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က သူနှင့် သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုအပြည့်အစုံကို ဖေါ်ပြအပ်ပါသည်။

အမေရိကန် သမ္မတ မြန်မာပြည်လာခြင်းသည် သမိုင်းဝင်ခရီးဟု အစချီလိုက်ပြီး…

“ရွှေတိဂုံ ဘုရားကို တက်ဖို့ သူ့မှာ လုံခြုံရေးအရ အခက်အခဲ တော်တော်ရှိပါတယ်။ ဒါပေမယ့် မဖြစ်မနေ သွားပါတယ်။ ပထမတော့ လုံခြုံ ရေး အ ပိုင်းက ဖိနပ်တွေ ဘာတွေ ချွတ်ဖို့ အခက်အခဲ ရှိပါတယ်။ သို့သော်လည်းပဲ ဘုရားပေါ် တက်လာ တဲ့အခါမှာ အိုဘားမားကအစ ဖိနပ်ချွတ် ပြီးတော့ တက်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ကလည်း မလာတော့ဘူးဆိုတော့ ကော်ဇော တွေ ဘာတွေတောင် ခင်းထား နိုင်တဲ့ အနေအ ထား မရှိဘူး။ လှေကားထစ်ကနေ ဒီအတိုင်း တက်သွားတာ ဖြစ်ပါတယ်”

“သူထင်နေတာက ဒီနိုင်ငံဟာ အင်မတန်မှ လုံခြုံရေး စိတ်မချရတဲ့ နိုင်ငံဖြစ်တယ်လို့ သူထင်နေပါတယ်။ သို့သော် လည်းပဲ ပြည်သူတွေက သူ တို့သဘောနဲ့သူတို့ ၊ကြိုဆိုနေတာကို တောက်လျှောက်တွေ့ခဲ့ရပါတယ်။ ပြည်သူတွေရဲ့ သဘော ထား ပြည်သူတွေရဲ့ ဆန္ဒတွေကိုကျနော် တို့ရဲ့ ဧည့်ဝတ်ပျူငှာမှုတွေကို သူ တွေ့ခဲ့ရပါတယ်”

“ကျနော်နဲ့ တွေ့တဲ့အခါမှာတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် အမြတ်ထွက်အောင် ဆိုပြီး သူ့ဆီက ကျနော်နှစ်ခုတောင်းပါတယ်။ တခုက တော့ ခင်ဗျား အခု တွေ့တယ် မဟုတ်လား၊ လေဆိပ်ကနေ ရန်ကုန်မြို့ထဲကို ခင်ဗျား လာတဲ့ အခါ မှာ ဘေး ဘယ်ညာမှာ ဝမ်းသာ အားရနဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုနေကြတာကို ခင်ဗျား တွေ့တယ်မဟုတ်လား။ အဲဒီလူတွေရဲ့ မျက်နှာကို ခင်ဗျား သတိမထားမိလို့လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ ဒီပြုံးပျော်နေတဲ့ မျက်နှာအပြင် အိုဘားမား ကိုယ့်နိုင်ငံကို မလာစဖူး လာ တယ်။ ကြုံတောင့်ကြုံခဲ ကိုယ့်နိုင်ငံကို လာခဲ့တယ်။ လာခဲ့ တဲ့အတွက် ဒို့ရန်ကုန်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေအတွက် အိုဘားမား ဘာများလုပ်ပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ကို ခင်ဗျား မမြင် လိုက်ဘူး ထင်တယ်လို့ ခင်ဗျားကို ပြောပြချင်ပါတယ်”

“အဲဒီတော့ ဒီရန်ကုန်မြို့ကြီးဟာ ကိုလိုနီလက်ထက်ကတည်းက မြို့ကြီး ဖြစ်ပါတယ်။ မြို့ဟောင်းကြီးဖြစ် တဲ့အတွက်လျှပ်စစ်မီးနဲ့ပတ်သက်ပြီး တော့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တယ်။ နောက်တခါ လူဦးရေကလည်း ခြောက်သန်းကျော် ရှိတယ်။ ဒီ ခြောက်သန်းကျော်နဲ့ ပတ်သက်ပြီး တော့ သွားရေးလာရေးနဲ့ ပတ်သက်ပြီးတော့လည်း အင်မတန် အခက် အခဲတွေ ဖြစ်နေတယ်။ နောက် တခါ ရေကောင်းရေသန့်တွေရရှိရေး၊ ရေဆိုး တွေ သန့်စင်ရေး ဒီအပိုင်းတွေကလည်း ကျနော်တို့မှာ အခက်အခဲတွေ ရှိနေတယ်”

“အဲဒီတော့ ခင်ဗျား ရန်ကုန်ရောက်တဲ့အနေနဲ့ ရန်ကုန်လူထုကို ဒီကိစ္စတွေများ ပြေလည်အောင် လုပ်ပေး နိုင်မယ်ဆိုရင် ရန်ကုန်မြို့လူထု က ခင်ဗျားကို ပိုပြီးတော့ ချစ်မှာပါလို့ ပြောလိုက်ပါတယ်။ အဲဒီမှာလည်း သူလည်း ဒါကို တော်တော်လေး ကို သဘောကျသွားတာရှိပါတယ်။ ကျ နော်ထင်ပါတယ် သူ ခေါင်းတော့ မငြိမ့်ပေမယ့်လည်း သူ့လူတွေကတော့ အကုန်လိုက်မှတ်တဲ့ အ တွက်ကြောင့် မှတ်တမ်းတော့ ဝင်သွား တယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်”

“နောက်တခုကတော့ သမ္မတကြီး အိုင်ဆင်ဟောင်းဝါး လက်ထက်မှာ မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မန္တလေးကို ဟိုင်းဝေးကြီး ဖေါက်ပေးဖို့ ဆိုပြီး တော့ အစီအစဉ် ရှိခဲ့ဖူးပါတယ်။ ကျ နော်တို့ တဆင့်စကား ကျနော်တို့ ကြားရတာပါ။ သို့သော်လည်းပဲ အကြောင်းကြောင်း တွေ ကြောင့် ဒီ ဟိုက်ဝေးကြီးက ဖေါက်လုပ် မပေးဖြစ်ခဲ့ပါဘူး”


“အဲဒီတော့ အကြောင်းကြောင်းကြောင့် ပျက်သွားတဲ့ ဒီဟိုင်းဝေးကြီးကို ကျနော်တို့ ရန်ကုန်နဲ့ မန္တလေးကို ကျနော်တို့ဖေါက်ထားပြီ။ သို့သော် လည်း လမ်းကတော့ လမ်းကြမ်း အဆင့်ပဲ ဖြစ်နေသေးတယ်။ ဒီမှာလည်း နည်းပညာပိုင်းတွေ ဘာတွေ ကျနော်တို့ကတော့ ခင်ဗျား တို့လောက် ခေတ်မမီတဲ့အတွက် Accident တွေကလည်း မကြာခဏဖြစ်တယ်၊ ယာဉ်တွေ ခဏခဏ တိမ်းမှောက်တယ် လူတွေရဲ့ အသက် တွေ ကလည်း ဆုံးရှုံးကြ ပြုကြတယ်”

“ဒီလမ်းကြီးကို ခင်ဗျားတို့များ ပြုပြင်ပေးရင် သိပ်ကောင်းမှာပဲ။ ဘာညာနဲ့ ဒါတွေလည်း ကျနော် တောင်းလိုက်ပါတယ်။ ဒါကိုလည်း သူ လုပ် ပေးဖို့ ဟိုဒင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေက ဒီလို ချမ်းသာကြွယ်ဝတဲ့ အင်အားကြီး နိုင်ငံတခုအနေနဲ့ကတော့ ဘာမှ ပြောပ လောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ ကိုယ့်နိုင်ငံအတွက် အကျိုးအမြတ်ကလေးတွေ ရအောင် ဒါလေး တွေကျနော် ပြောခဲ့ ပြုခဲ့ တောင်းခဲ့တာလေးတွေ ရှိပါတယ်”
ဟု သမ္မတ ဦးသိန်းစိန် က ဖနွမ်ပင်ရောက် မြန်မာ မီဒီယာများအား ပြန်လည် ပြောပြသွားသည်။

No comments: